တိုင်းရင်းသားတွေရဲ့ အန်စီအေ ပြင်ဆင်ဖြည့်စွက်မှုတွေဟာ အတိတ်သင်ခန်းစာကို ထင်ဟပ်တယ်- ရှေ့နေ ဦးအောင်ထူး

ဓာတ်ပုံ - ဦးအောင်ထူးဖေ့စ်ဘွတ်ခ်
ကရင်ပြည်နယ် လောခီးလာဒေသမှာ ဇွန်လ ၂ ရက်နေ့ကနေ ၉ ရက်နေ့ထိ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကနေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောစာချုပ် မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ အတည်ပြုခဲ့ပါတယ်။ ဒီပြင်ဆင်ဖြည့်စွက်ချက် ၁၅ ချက်ကို အစိုးရနဲ့ ဆွေးနွေးဖို့လည်း ၁၅ ဦးပါ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့လည်း ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ ဆွေးနွေးညိနှိုင်းပွဲတွေ စတင်နိုင်ဖို့ ရန်ကုန်မြို့ကို ကိုယ်စားလှယ်အဖွဲ့ငယ်တခု စေလွှတ်ညှိနှိုင်းနေပါတယ်။ ဒီစာချုပ်ရဲ့ ပြင်ဆင်ဖြည့်စွက်ချက်တွေထဲမှာ ပါရှိတဲ့ အချက်တွေနဲ့ အရေးပါမှု၊ သက်ရောက်မှုတွေကို ကချင်ပြည်နယ် မိုင်ဂျာယန်မြို့အခြေပြု ဖက်ဒရယ်ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ ရှေ့နေ ဦးအောင်ထူးကို ဆက်သွယ်မေးမြန်းထားပါတယ်။ လောခီးလာ ထိပ်သီးဆွေးနွေးပွဲမှာ အစိုးရဘက်နဲ့ တိုင်းရင်းသားဘက်က အလုပ်အဖွဲ့ ၂ ခုအကြား မတ်လကုန်က သဘောတူရရှိထားတဲ့ တပြည်လုံးအပစ်ရပ်စာချုပ် မူကြမ်း Single text ကို ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ အတည်ပြုခဲ့ကြတယ်။ အစိုးရနဲ့ ဆွေးနွေးဖို့လည်း ၁၅ ဦးပါ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း ဖွဲ့ခဲ့တယ်။ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒီနိုင်ငံရေးခြေလှမ်းအပေါ် ဘယ်လိုသုံးသပ်မိလဲ။ “ကျနော်မြင်တာကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ခြေလှမ်းတရပ်လို့ ယူဆတယ်လေ။ ဘာကြောင့်လဲဆိုတော့ ပထမ တချက်က အန်စီစီတီကနေပြီးတော့ မတ်လ ၃၁ ရက်နေ့မှာ သဘောတူထားတဲ့ သဘောတူညီချက်မူကြမ်းကို သူတို့က ဖျက်ပစ်တာမဟုတ်ဘူး။ နောက်တခုက အစိုးရနဲ့ ဆွေးနွေးပွဲကို ရပ်ပစ်တာလည်း မဟုတ်ဘူး။ အဲဒီတော့ မတ်လ ၃၁ ရက်နေ့က အတည်ပြုမူကြမ်းကို လိုအပ်တဲ့ ပြင်ဆင်ဖြည့်စွက်ချက်တချို့ လုပ်လိုက်ပြီးတော့မှ အစိုးရနဲ့ အပြုသဘောအခြေခံက နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးသွားပြီးတော့မှ ငြိမ်းချမ်းရေးပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းမယ်လို့ အကျိုးသင့်အကြောင်းသင့်နဲ့ တောင်းဆိုလိုက်တဲ့ ခြေလှမ်းဖြစ်တဲ့အတွက် ဒါက ကောင်းမွန်တဲ့ခြေလှမ်းဖြစ်တယ်လို့ သုံးသပ်တယ်။ “နောက် တချိန်တည်းမှာ ထူးခြားချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့လုံးက တညီတညွတ်တည်းနဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီးတော့မှ ၁၆ ဖွဲ့လုံး လက်မှတ်ထိုးမယ်၊ ဒီအချက်တွေကိုတော့ဖြင့်၊ အခုပြင်ဆင်ဖြည့်စွက်ချက်တွေကိုတော့ဖြင့် ဒီ ၁၆ ဖွဲ့လုံးက သဘောတူ တောင်းဆိုတာ ဖြစ်တယ်ဆိုတဲ့ ခြေလှမ်းဟာ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းသမိုင်းမှာ တစုံတရာ ရှားပါးပြီးတော့ တစုံတရာ စည်းလုံးညီညွတ်စွာနဲ့ လှမ်းလိုက်တဲ့ခြေလှမ်းလို့ ကျနော်တို့ မှတ်ယူလို့ရပါတယ်။” အဲဒီ ပြင်ဆင်ဖြည့်စွက်ချက် ၁၅ ချက်ကို ဆရာများသိမယ်ဆိုရင် အရေးအကြီးဆုံး ပြင်ဆင်ချက်တွေက ဘယ်အချက်တွေဖြစ်မလဲ ရှင်းပြပါလား။ “ဒီလိုဗျ။ ပထမဦးဆုံး အရေးကြီးဆုံး ပြင်ဆင်ချက်က ဘာလဲဆိုတော့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းပြီးတော့ အတည်ပြုချက် ယူတယ်ဆိုတဲ့ ကိစ္စပေါ့ဗျာ။ ဒါတချက်ပေါ့။ ဆိုလိုတာကတော့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းအတည်ပြုချက်ယူတယ် ဆိုတာက ဒီသဘောတူညီချက်ကို လွှတ်တော်ကို တင်ရမယ်။ လွှတ်တော်တင်ရမယ်ဆိုတဲ့ အခါကျတော့ ဆွေးနွေးတဲ့အခါမှာလည်း တဘက်က စစ်တပ်ကိုယ်စားလှယ်တွေပါတယ်။ နောက်တခါ စစ်တပ်က ကိုယ်စားလှယ်တွေပဲ ထပ်ပါမယ့် လွှတ်တော်အတည်ပြုချက် ယူရဦးမယ် ဆိုတဲ့အခါကျတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေဘက်က နစ်နာသွားတယ်လေဗျာ။ အဲဒီတော့ နောက်တခုက တကယ်လို့ အတည်ပြုချက်ယူတဲ့အခါမှာ ‘လွှတ်တော်ကို တင်လိုက်တယ်၊ အတည်မပြုရင် ဘာလုပ်မလဲ’ ဆိုတာလည်း မပါဘူးဖြစ်တယ်။ အဲဒီလိုဆိုတော့ စာချုပ်က စာချုပ်ရဲ့အင်္ဂါရပ်နဲ့ မညီတော့ဘူး၊ မရေရာတော့ဘူး၊ မတိကျတော့ဘူး၊ ပြဿနာပေါ်နိုင်တဲ့ စာချုပ်ဖြစ်တယ်။ ဒါကြောင့် လောခီးလာညီလာခံမှာ ဘာကို ဖြည့်စွက်လိုက်လဲဆိုတော့ ‘ပြည်ထောင်စုသဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းရာတွင် မည်သည့်အကြောင်းတရားကြောင့်မျှ ငြင်းပယ်ခြင်း၊ ကန့်ကွက်ခြင်း၊ အတည်ပြုရန် အချိန်ဆွဲခြင်း လုံးဝမပြုလုပ်ခြင်းကို ဆိုလိုကြောင်းဆုံးဖြတ်သည်’ လို့ ပြင်လိုက်တယ်။ ဒါက တခုပေါ့ဗျာ။ “နောက်တခုက ဘာလဲဆိုတော့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ။ ‘လုံခြုံရေးအရ ပြန်လည်ပေါင်းစည်းခြင်း’ ဆိုတဲ့ဟာကို အဲဒီမှာ ‘ပေါင်းစည်းခြင်း’ကို ဖြုတ်လိုက်တယ်။ ဘာကြောင့် ပေါင်းစည်းခြင်းကို ဖြုတ်လဲဆိုတော့ ပေါင်းစည်းတယ်ဆိုတာ အဓိပ္ပာယ် ၂ မျိုး ဖြစ်သွားနိုင်တယ်။ တမျိုးက ဘာလဲဆိုတော့ လက်နက်ချပြီး ပေါင်းစည်းတာလည်း ဖြစ်နိုင်တယ်၊ နောက်တမျိုးက တိုင်းရင်းသား တော်လှန်ရေးတပ်တွေဟာ ပြည်ထောင်စုတပ်မတော်ရဲ့ အစိတ်အပိုင်းတရပ် အဖြစ်နဲ့ တရားဝင်ရပ်တည်ခွင့် အခြေခံက ပေါင်းစည်းတာလည်း ဖြစ်နိုင်တယ်။ နှစ်ခုလုံး ဖြစ်နိုင်တဲ့အခါကျတော့ စာချုပ်လက်မှတ်ထိုးပြီးတော့မှ ပေါင်းစည်းတာကို အဓိပ္ပာယ်ဖွင့်ရင် အငြင်းပွားနိုင်တယ်။ တိုင်းရင်းသားတွေလိုလားတာနဲ့ အစိုးရလိုလားတာနဲ့ ပြောင်းပြန်ဖြစ်သွားနိုင်တယ်။ နှစ်ဘက် အငြင်းပွားစရာ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ပေါင်းစည်းခြင်းဆိုတာကို ဖျက်ပြီးတော့မှ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များဆိုတာကို ထည့်လိုက်တယ်။  ဒါက တချက်ဖြစ်တယ်။” “နောက်တချက်က နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိတယ်။ ကြားကာလ အတောအတွင်းမှာ နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်ရမယ့် ကိစ္စတွေရှိတယ်။ အဲဒီတော့ ကြားကာလဆိုတာကို လက်ခံထားလိုက်ပြီ။ အဲဒါဘာလဲဆိုတော့ စာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးတဲ့နေ့ကနေ စပြီးတော့မှ နောက်ထပ် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းပြီးတော့ လက်ရှိရှိတဲ့ဖွဲ့စည်းပုံ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းမလား၊ ရုပ်သိမ်းမလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တခု ပေါ်လာမလား၊ နောက်ထပ် နိုင်ငံရေးအခြေအနေတခုလုံး ပြောင်းသွားတဲ့အချိန်အထိ ကြားကာလ အတောအတွင်းမှာ နှစ်ဘက်ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိတယ်။ အဲဒီထဲမှာ ဘာကို ထပ်တိုးလိုက်လဲဆိုတော့ မြေယာနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်တယ်။ ဆိုတော့ အရင်တုန်းက မပါဘူး၊ အခုထည့်လိုက်တဲ့အခါကျတော့ ဒီကိစ္စက ဘာလဲဆိုတော့ လက်ရှိတက်နေတဲ့ ဦးသိန်းစိန် အစိုးရနဲ့ မြန်မာစစ်တပ်အတွက်က အသည်းနှလုံးကို ရိုက်ချိုးလိုက်သလိုဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်မယ်ဆိုရင် အခုလုပ်နေတဲ့ ဦးသိန်းစိန်နဲ့ မြန်မာစစ်တပ်က လုပ်နေတဲ့ မြေယာနဲ့ပတ်သက်ပြီး ထင်သလို စီမံခန့်ခွဲတာတွေ၊ မြေတွေ သိမ်းတာတွေ၊ နိုင်ငံခြားကုမ္ပဏီကို ရောင်းချပစ်တာတွေ၊ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးတာတွေ၊ လယ်သမားတွေဆီက မြေအတင်းသိမ်းတာတွေကို လုပ်ခွင့်မရတော့ဘဲနဲ့ မြေယာကိစ္စတွေမှာလည်းပဲ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းလုပ်ရတော့မယ်။ သဘာဝသယံဇာတ စီမံခန့်ခွဲတဲ့ ကိစ္စရပ်တွေမှာလည်း ရွှေတွင်းတူးတာလား၊ သတ္တုတူးတာလား၊ သဘာဝဓာတ်ငွေ့ရောင်းတာလား၊ ကျောက်စိမ်းတူးတာလား အကုန်လုံးမှာ ညှိနှိုင်းလုပ်ရတော့မယ့်ဟာ ဖြစ်သွားပြီ။ ဒါက အချက်တခုဖြစ်တယ်။” စာချုပ်လက်မှတ်ထိုးကြတဲ့အခါမှာ သက်သေအဖြစ် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံ၊ နော်ဝေ၊ ဂျပန်၊ တရုတ် စတဲ့ ၇ နိုင်ငံက ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ လက်မှတ်ထိုးဖို့ ပြင်ဆင်တယ်လို့ ကြားသိရလို့၊ နိုင်ငံအများအပြား ထည့်သွင်းလာတာ ဘာကြောင့်ပါလဲ။ “ဒီလိုဗျ၊ တကယ်တော့ ဖြစ်သင့်တာက နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားအောင် ကြီးကြပ်တဲ့ဟာက အဓိက မတ်လ ၃၁ ရက်နေ့က အတည်ပြုမူကြမ်းမှာ ပူးတွဲကော်မတီက အဓိက။ ပူးတွဲဆိုတာ တဘက်က အစိုးရနဲ့ မြန်မာစစ်တပ်ရှိမယ်။ တခြားတဘက်က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရှိမယ်။ သူတို့နှစ်ဖွဲ့က ပြည်နယ်အလိုက် ပူးတွဲဖွဲ့ထားမယ်ပေါ့။ တကယ်က ပူးတွဲက အလုပ်မဖြစ်ဘူးဗျ။ ပူးတွဲတွေ ဖွဲ့တာ ကြာပြီ။ ၁၉၉၄ ကေအိုင်အိုနဲ့ အစိုးရနဲ့ စာချုပ်ချုပ်ကတည်းက ပူးတွဲလုပ်ခဲ့ကြတာပဲ။ ဒါပေမယ့် အလုပ်မဖြစ်ဘူးဗျ။ တိုက်ပွဲက ပြန်ဖြစ်တာပဲ။ အဲဒီတော့ အခုတခါ ၂၀၁၁ ဒီဘက်နှစ်မှာ ဒီကိစ္စတွေ ပြန်ပေါ်လာပြီးတော့လည်း ပူးတွဲဆောင်ရွက်မှုတွေ ရှိတာပဲ။ ဒါပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်တာပဲ။ ရှမ်းမှာလည်း ဖြစ်တာပဲ။ တအာင်းဒေသမှာလည်း ဖြစ်တာပဲ၊ ကချင်မှာလည်း ဖြစ်တာပဲ။ ပူးတွဲသက်သက်က အလုပ်မဖြစ်တော့ဘူး။ တကယ်ဖြစ်သ့င်တာက ဘာလဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံ အာချေးမှာ လုပ်ခဲ့သလိုမျိုးပဲ နိုင်ငံတကာက တိုက်ရိုက်ကြီးကြပ်ပြီးတော့ အခွင့်အာဏာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းက တိုက်ရိုက်ကြီးကြပ်သွားတာမျိုးကသာလျှင် ဖြစ်သင့်တာ။ ဆိုတော့ အဲဒီလောက်ထိအောင် မတောင်းဆိုသေးဘဲနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ‘ကဲ ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့အချိန်မှာတော့ဖြင့်ရင် အစိုးရဘက်က သမ္မတ၊ ဒု-သမ္မတတွေ ပါရမယ်၊ လွှတ်တော်ဥက္ကဋ္ဌကြီး ပါရမယ်၊ ကာကွယ်ရေးဦးစီးချုပ်ပါရမယ်၊ ရှေ့နေချုပ်ရုံးက ပါရမယ်၊ ငြိမ်းချမ်းရေးကော်မတီ ဒု-ဥက္ကဋ္ဌတွေ ပါမယ်၊ အစိုးရဘက်က ပါမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ထိပ်သီးတွေချည်းပဲ ပါမယ်။ ပြီးတော့မှ တချိန်တည်းမှာ စာချုပ်လက်မှတ်ထိုးတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါရမယ်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပါရမယ်၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ပါရမယ်၊ စသဖြင့်ပေါ့ဗျာ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပါရမယ်ဆိုတဲ့ဟာကို တောင်းဆိုလိုက်တာပဲ။” ထိပ်သီးဆွေးနွေးပွဲမှာ ပြင်ဆင်ဖြည့်စွက်ချက်တွေက တကယ့်လက်ရှိ ပကတိအခြေအနေနဲ့ တကယ့်လိုလားချက်၊ လိုအပ်ချက်တွေကို ထင်ဟပ်သလား။ ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေပေါ်မှာ မသင်္ကာမှုတွေ၊ စိုးရိမ်ကြီးလွန်းတာလား ဆရာ ဘယ်လိုသုံးသပ်သလဲ။ “ကျနော် မြင်တာကတော့ နှစ်ခုလုံး ဖြစ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ၁၉၈၉ ခုနှစ်ကစခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အတောအတွင်းမှာ အပစ်အခတ်ရပ်စဲထားတယ် ဆိုသော်ငြားလည်းပဲ နှစ်ပေါင်း ၂၅ နှစ်၊ ၂၆ နှစ်ကြာလာတဲ့အထိ ဘာမှတိုးတက်မှုမရှိဘူး၊ အခွင့်အရေးမရဘူး။ နိုင်ငံရေးအရ ဘာတိုးတက်မှုမှ မရှိဘူး။ ဒါကြောင့် အစိုးရိမ်ကြီးတာပဲ။ ဒါက လက်တွေ့အရ သူတို့ကိုပေးလိုက်တဲ့ သင်ခန်းစာပဲ။ ဘ၀ကရတဲ့သင်ခန်းစာ။ ရာစုနှစ်တခုရဲ့ လေးပုံတပုံအတွင်း ရခဲ့တဲ့သင်ခန်းစာဖြစ်တယ်။ ဒါ တခုဖြစ်တယ်။ ပကတိလိုအပ်ချက်အရ တောင်းလားဆိုတော့ ပကတိလိုအပ်ချက်အရလည်း ဖြစ်တယ်။ ဥပမာဆိုကြပါစို့ဗျာ၊ ကနေ့ လက်မှတ်ထိုးလိုက်တယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ဆိုပြီး လက်မှတ်ထိုးလိုက်တယ်။ ဒီနေ့လက်မှတ်ထိုးတယ်၊ ကဲ  မနက်ဖြန်ကစပြီးတော့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သဘာဝသယံဇာတွေ ဘယ်လိုစီမံခန့်ခွဲသွားမလဲ၊ မြေယာတွေ ဘယ်လိုစီမံခန့်ခွဲမလဲ။ ဥပမာတခု ကျနော်ပြောမယ်ဗျာ၊ ၂၀၁၁ ခုနှစ်ကနေပြီးတော့ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်ဥပဒေကို ပြဋ္ဌာန်းထားတယ်။ ၂၀၁၄ မှာလည်း ပြင်ဆင်ပြဋ္ဌာန်းတယ်။ အဲဒီတော့ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒအရဆိုရင် ဗဟိုအစိုးရဟာ တိုင်းရင်းသားပြည်နယ်တွေမှာ ကြိုက်တဲ့ဧရိယာမှာ၊ ကြိုက်တဲ့ဒေသမှာ အထူးစီးပွားရေးဇုန် သတ်မှတ်လို့ရတယ်။ သတ်မှတ်ပြီးတော့ အဲဒီမြေယာတွေမှာ သူတို့ထင်သလို အုပ်ချုပ်လို့ရတယ်၊ စီမံခန့်ခွဲလို့ရတယ်၊ လုပ်ငန်းရှင်တွေကို ချထားပေးလို့ရတယ်၊ လုပ်ပိုင်ခွင့်ပေးလို့ရတယ်၊ နိုင်ငံခြားကုမ္ပဏီတွေကို လာရင်းနှီးမြှုပ်နှံခိုင်းလို့ရတယ်ဗျ။ အကုန်လုံးလောက်ကို အစိုးရဆီမှာ ရှိသွားတယ်။ ဥပမာဗျာ အခု အစည်းအဝေးလုပ်တဲ့ လောခီးလာဆိုကြပါစို့၊ ဒါက ကေအန်ယူက ထိန်းချုပ်ထားတဲ့ ဧရိယာ။ သူတို့က လိုချင်ရင် လက်ရှိ ဦးသိန်းစိန်ရဲ့ စစ်အစိုးရ လိုချင်ရင် ၂၀၁၁၊ ၂၀၁၄ မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေအရကိုပဲ အဲဒီဒေသတွေဟာ  အထူးစီးပွားရေးဇုန်လို့ သတ်မှတ်လို့ရတယ်။ ကဲ အခု ကျောက်စိမ်းတွေ ထွက်နေတဲ့ဧရိယာဗျာ ကချင်ပြည်နယ်မှာ၊ ကြိုက်တဲ့နေရာကိုသွားပြီး ဒါကျုပ်တို့ အထူးစီးပွားရေးဇုန်ဆိုပြီး သတ်မှတ်လို့တယ်။ အဲလိုဆိုရင် ပြဿနာတက်ပြီပေါ့။ လက်မှတ်ထိုးတာက တပိုင်းထား၊ လက်တွေ့မှာက သူတို့လက်ရှိတည်ဆဲဥပဒေကို ကိုင်ပြီးတော့ လုပ်ချင်တာလုပ်ခွင့် ပိုပြီးတော့ ရသွားတဲ့အတွက်ကို လက်ရှိ ရှိနေတဲ့အစိုးရက အခွင့်အရေးတွေ ရာနှုန်းပြည့် ရသွားပြီးတော့ တိုင်းရင်းသားလူထုနဲ့ ကိုယ့်ပြည်နယ်ကို ကာကွယ်ပေးတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ရာနှုန်းပြည့် ဆုံးရှုံးမှာ ဖြစ်တဲ့အတွက် ပြဿနာက တက်မှာပဲ။” တိုင်းရင်းသားအဖွဲ့အစည်းတွေက အခုလို ရပ်တည်လိုက်တဲ့အတွက် အစိုးရဘက်က ဒီရပ်တည်ချက်ကို လက်ခံနိုင်လား၊ ဘာတွေ ဖြစ်လာနိုင်လဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်မယ့်အစား အများပြည်သူ ဒုက္ခရောက်စေမယ့် တိုက်ပွဲတွေများ ပြန်ဖြစ်နိုင်မလား။ ဘယ်လို တွေးဆမိလဲ။ “ကျနော်ထင်တာကတော့ ဒီလိုဗျ၊ ရာနှုန်းပြည့်ကတော့ အစိုးရဘက်က မကြိုက်ဘူး။ ဒီဥစ္စာကို ကျနော် တွက်ကြည့်တာလေ။ ဘာကြောင့်လဲဆို ခုနပြောတဲ့ အခြေခံအချက်အလက်တွေအရ။ အဲဒီတော့ သူတို့ထင်သလို ဒီစာချုပ်ကို ကိုင်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ချုပ်ကိုင်ခြယ်လှယ် ဖန်တီးပြီးတော့မှ နောက်ဆုံး လက်နက်ချခိုင်းတဲ့အထိ ဦးတည်စေပြီးတော့မှ သူတို့ပြည်နယ်တွေရဲ့ သဘာဝသယံဇာတတွေကို လက်ဝါးကြီးအုပ်နိုင်တဲ့ အခြေအနေက တော်တော့ နည်းသွားပြီ။ ဒါကြောင့် ရာနှုန်းပြည့်မကြိုက်ဘူး။ ဒါပေမယ့် ‘ကဲ မင်းတို့လုပ်တဲ့ဟာကြီးကို ငါတို့ လုံးဝမကြိုက်ဘူးကွ၊ မတ်လ ၃၁ ရက်နေ့က အတည်ပြုမူကြမ်းအတိုင်း လက်မှတ်ထိုးရင်ထိုး၊ မထိုးတဲ့အဖွဲ့တွေ ငါတို့ အကုန်တိုက်မယ်လို့လည်း အစိုးရဘက်က ရာနှုန်းပြည့် ခပ်တင်းတင်း ခပ်မာမာနဲ့ ကြေညာရဲတဲ့အဆင့် မရှိဘူးလို့ ကျနော်က သုံးသပ်တယ်။ အခြေအနေ အကြောင်းကြောင်းကြောင့်ပဲ၊ ခြုံပြောမယ်ဆိုရင်တော့ လက်ရှိတက်နေတဲ့ ဦးသိန်းစိန်အစိုးရ ကိုယ်တိုင်က စီးပွားရေးအရ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်စွမ်း မရှိတော့ဘူး။ အုပ်ချုပ်ရေးစရိတ်က တအားကြီးလာတယ်၊ ပို့ကုန်တွေက မရှိဘူး၊ နိုင်ငံခြားဝင်ငွေ ကျဆင်းနေတယ်၊ သွင်းကုန်ဈေးနှုန်း အကြီးအကျယ် တက်နေတယ်၊ ငွေကြေးအရ ဖောင်းပွတော့မယ်၊ အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်ရေးကို ဦးတည်နေတယ်၊ စစ်စရိတ်ကို အကြီးအကျယ်သုံးနိုင်တဲ့ အခြေအနေမရှိဘူး၊ စစ်တပ်အင်အားလည်း ကျဆင်းနေတယ်။ ခု တပ်ရင်းတရင်းမှာ ရာဂဏန်းတောင် မရှိတော့ဘူး။ ကိုးကန့်ကို ၁ ထောင်ကျော်ရှိတဲ့အဖွဲ့ကို တိုက်တာတောင် အဲဒီလောက် အကြီးအကျယ် စုတ်ပြတ်နေတယ်ဆိုတဲ့အခါကျတော့ ဘယ်လောက်ပဲ စိတ်ထဲက မနှစ်သက်သည်ဖြစ်စေ အပြတ်ဟုတ်လား လောခီးလာညီလာခံ ဆုံးဖြတ်ချက်တွေကို လုံးဝဆန့်ကျင်ပြီးတော့ ‘မင်းတို့ အရင်အဟောင်းနဲ့ လက်မှတ်ထိုးရင်ထိုး၊ မထိုးရင် ငါတို့ဘက်က တိုက်မယ်ကွ’ ဆိုတဲ့ဟာမျိုး သွားဖို့တော့ အစိုးရဘက်က မလွယ်ဘူးလို့ ကျနော် သုံးသပ်တယ်လေ။” ထိပ်သီးအစည်းအဝေးကနေ ကေအန်ယူဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ် ၁၅ ဦးကို တာဝန်ပေးတယ်ပေါ့။ အန်စီစီတီ ခေါင်းဆောင်တွေလည်း ပြန်ပါလာတာ တွေ့ပါတယ်။ ဒီအဖွဲ့ကို အစိုးရဘက်က အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာတွေ ကြားရပါတယ်။ ဒီအပေါ်ဘယ်လိုမြင်လဲ။ “တိုင်းရင်းသားအဖွဲ့တွေကတော့ သူတို့ရဲ့ညီလာခံကို စနစ်တကျ ကျင်းပပြီးတော့ စနစ်တကျပဲ ရွေးချယ်တင်မြှောက်ပြီးတော့ ဒီအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပေးလိုက်တာပဲ။ သူတို့ဘက်ကတော့ လောခီးလာညီလာခံ ဆုံးဖြတ်ချက်ကနေ နောက်ဆုတ်စရာအကြောင်း မရှိဘူးလို့ ကျနော်ယူဆတယ်။ အဲဒီအဖွဲ့ကို လက်တွေ့အရ အသိအမှတ်ပြုလား၊ မပြုဘူးလား ဆိုတာကတော့ လက်ရှိတက်နေတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရနဲ့ မြန်မာစစ်တပ်က ဘယ်လောက်ထိအောင် တကယ်စစ်မှန်စွာ ငြိမ်းချမ်းရေးကို လိုလားသလဲ၊ လူထုအကျိုးစီးပွားကို လိုလားသလဲ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တကယ်လိုလားသလဲ၊ ဒါ သူတို့ပေါ်မှာပဲ မူတည်တယ်။ သူတို့ လိုလားရင်တော့ ဒီဘက်ကတောင်းတဲ့ အချက်တွေက သဘာဝကျတဲ့ အချက်တွေပဲ။ ကနေ့ အခု သူတို့ လောခီးလာညီလာခံ ဆုံးဖြတ်ချက်ကို စစ်အစိုးရကိုယ်တိုင် ဦးဆောင်ပြီးတော့ တပြည်လုံး၊ တကမ္ဘာလုံးကို ချပြစမ်းပါ။ မတ်လ ၃၁ ရက်နေ့က အတည်ပြုမူကြမ်းနဲ့ ယှဉ်ပြီးတော့ လူထုလေ့လာခွင့် ပေးကြည့်လိုက်စမ်းပါ။ လူထုသဘောထားတွေ ကောက်ကြည့်စမ်းပါ။ အဲလိုဆိုရင် အဖြေတမျိုးထွက်လာမယ်။ အခုဟာ လျှို့ဝှက်ချက်ကြီးလို လုပ်ထားပြီး၊ ဒါကြီးကို ဖုံးထား၊ ဖိထားပြီးတော့မှ ဦးအောင်မင်း ပြောချင်သလို ပြောတာကို လူထုက လိုက်စဉ်းစားနေတဲ့ ဘ၀မျိုးနဲ့ ဆိုရင်တော့ လူထုက မသိဘူးပေါ့ဗျာ။ အဲလိုဆိုတဲ့အခါကျတော့ အမှန်တရားက ပေါ်မလာဘူးပေါ့။ လောခီးလာညီလာခံမှာတော့ဖြင့်ရင် အခု သဘောတူညီချက်တွေကို ပွင့်လင်းမြင်သာစွာ လူထုကို ချပြသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြီးပေါ်လာတာ အများကြီးကောင်းတယ်။ ဒါကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဘက်ပေါင်းစုံက ချပြဖို့ လိုအပ်သလို အစိုးရကိုယ်တိုင်လည်း ချပြပြီးတော့ လူထုသဘောထားတွေ တောင်းမယ်ဆိုရင်တော့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရောက်သွားနိုင်တာပဲ။” မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အများပြည်သူ ပါဝင်မှုပေါ့နော်၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ ပါဝင်မှုက လက်ရှိရထားပြီးသား အခြေအနေပေါ်မှာ အားရကျေနပ်မှုရှိပြီလား။ သူတို့ရဲ့ အားတွေ မလိုဘူးလား။ “ဟာ သိပ်လိုတာပေါ့ဗျာ၊ သိပ်ကောင်းတဲ့မေးခွန်းပဲ။ ရာနှုန်းပြည့်လိုတယ်။ ဒါပေမယ့် အခု ရထားတဲ့ အခြေအနေကျတော့ မပြောပလောက်အောင်၊ မဖြစ်လောက်အောင်ကို ရထားတယ်။ တကယ်တော့ အပြည့်ရသင့်တယ်။ ဆွေးနွေးမှုတွေ မှန်သမျှကို မဆွေးနွေးခင်မှာ လူထုအသင်းအဖွဲ့တွေ၊ လူထုခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင်သင့်တယ်။ ဆွေးနွေးပြီးတဲ့ အခါမှာလည်း ဘာတွေ ဆွေးနွေးပြီးတယ် ဆိုတာကို လူထုကို နှစ်ဘက်စလုံးက ပြန်ချပြသင့်တယ်၊ အကြံပေးချက်တွေ ယူသင့်တယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ အဲဒီ လူထုအသင်းအဖွဲ့တွေက လူထုတွေအကြားမှာ ပြန်လည်ဆွေးနွေးတာတွေ၊ သဘောထားယူတာတွေ၊ လိုအပ်တဲ့အပိုင်းတွေမှာ သင်တန်းပို့ချတာတွေ လုပ်သွားမယ်ဆိုရင်တော့ လူထုလှုပ်ရှားမှုကြီး ဖြစ်လာပြီးတော့ ငြိမ်းချမ်းရေးက တကယ်ကို ရသွားမှာပါလို့ ကျနော် ယုံကြည်ပါတယ်။” လောခီးလာ ထိပ်သီးအစည်းအဝေးက တပြည်လုံးအပစ်ရပ်စာချုပ်မူကြမ်းကို  ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ အတည်ပြုဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အထူးတလည် ပြောစရာ ကျန်ရှိရင် ပြောပြပါ။ “ဒီလိုဗျ ငြိမ်းချမ်းရေးဟာ လူထုလက်ထဲမှာရှိတယ်။ ငြိမ်းချမ်းရေးဟာ ဘက်နှစ်ဘက် ဆွေးနွေးပွဲ တခုတည်းနဲ့တော့ မပြီးနိုင်ဘူး။ ဘက်နှစ်ဘက် ဆွေးနွေးပွဲက အရေးကြီးတယ်၊ ခေါင်းဆောင်တွေကို တန်ဖိုးထားတယ်။ ဒါပေမယ့် ဘက် ၂ ဘက် ဆွေးနွေးပွဲ တခုတည်းနဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ အဲဒီတော့ လူထုလှုပ်ရှားမှုကြီးတရပ် ဖြစ်လာပြီးတော့ လူထုကိုယ်တိုင် ပါဝင်ပတ်သက်၊ သဘောထားဆန္ဒပေးခွင့်ပြု၊ လူထုကိုယ်တိုင် ခြယ်လှယ်ခွင့်ရတဲ့ အခြေအနေ၊ လွှမ်းမိုးခွင့်ရတဲ့ အခြေအနေ၊ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ခွင့်ရတဲ့ အခြေအနေ ဖြစ်လာအောင် လုပ်ပြီးတဲ့အချိန်ကျရင် လူထုဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တယ်။ ဖော်ဆောင်ဖို့တာဝန်လည်းရှိတယ်။ ဖော်ဆောင်လို့ရလိမ့်မယ်လို့လည်း ကျနော် ယုံကြည်တယ်လို့ပြောရင်းနဲ့ ကျနော် နိဂုံးချုပ်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up