ဒုတိယကမ္ဘာစစ်က ဂျပန်တပ် အသုံးချခဲ့သည့် ဇိမ်မယ်များကို ကုလတွေ့ဆုံ

1.7K
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဇိုင်ဒ် ရာအက်ဒ် အယ်လ် ဟူစိန် (Zeid Ra'ad Al Hussein) ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်အတွက် ဇိမ်ခန်းတွေမှာ အသုံးချခံခဲ့ရတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေကို ဇွန် ၂၄ ရက်နေ့က တွေ့ဆုံပါတယ်။
တောင်ကိုရီးယားဟာ ၁၉၁၀ ကနေ ၁၉၄၅ ခုနှစ်အထိ ဂျပန်ရဲ့ ကိုလိုနီ ဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိလွယ်ရှလွယ် ကိစ္စတွေအဖြစ် ဆက်ရှိနေပါတယ်။
တချို့ သမိုင်းပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ကမ္ဘာစစ်အတွင်းမှာ ဂျပန်စစ်တပ်က ဇိမ်မယ် ၂ သိန်းလောက်အထိ အသုံးပြုခဲ့ပြီး အများစုကတော့ တရုတ်နဲ့ တောင်ကိုရီးယားက ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးဟာ တောင်ကိုရီးယားကို ၃ ရက်တာ အလည်အပတ် ခရီးအဖြစ် ဇွန် ၂၃ ရက်နေ့မှာ ဆိုက်ရောက်သွားပြီး မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးတရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။
ဇွန် ၂၄ ရက်နေ့ အစောပိုင်းမှာ မြို့တော် ဆိုးလ်မှာ ရှိတဲ့ စစ်ပွဲနဲ့ အမျိုးသမီးအခွင့်အရေး ပြတိုက်ကို သွားရောက်ကြည့်ရှု့ခဲ့ပြီး တချိန်က ဇိမ်မယ် ဖြစ်ခဲ့တဲ့ အမယ်အိုတွေနဲ့ တွေ့ဆုံပါတယ်၊။
တောင်ကိုရီးယားခရီးစဉ်မှာ သမ္မတ ပတ်ဂျွန်ဟီးလ်၊၊ တခြားဝန်ကြီးတွေနဲ့ တွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူသလို၊ အခုတခါ အိုမင်းမစွမ်း အမယ်အို ၃ ယောက်နဲ့ တွေ့တဲ့အခါမှာလည်း သူတို့ရဲ့ သတ္တိကို မလေးစားဘဲ မနေနိုင်ဘူးလို့ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးက ပြောပါတယ်။
အရင် လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး နေဗီ ပဲလေးက အမယ်အိုတွေရဲ့ ဒုက္ခတွေကို အများသိအောင် ပြောခဲ့သလိုပဲ သူ့လက်ထက်မှာလည်း ဒီ အမယ်အိုတွေရဲ့ဘက်က ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
ဇိမ်မယ်တွေကိစ္စနဲ့ ပတ်သက်လို့ ဂျပန်က ၁၉၉၃ ခုနှစ်က ၀န်ခံခဲ့ပြီး လျော်ကြေးပေးဖို့ ရန်ပုံငွေကိုလည်း ၁၉၉၅ ခုနှစ်က ထူထောင်ခဲ့ပါတယ်။
လက်ရှိ ဂျပန်ဝန်ကြီးချုပ် အာဘေးကလည်း ၁၉၉၃ ခုနှစ်က ၀န်ခံချက်ကို လက်ခံတယ်လို့ ပြောနေပေမယ့် တောင်ကိုရီးယားကတော့ ဂျပန်ဟာ အတိတ်က အမှားအတွက် ပြေရာပြေကြောင်း ဆောင်ရွက်တဲ့ အပိုင်းမှာ ကျေနပ်လောက်စရာ မရှိဘူးလို့ ဆိုပါတယ်။