နိုင်ငံတွင်းရှိ မူးယစ်ဆေးများ ရွှေတြိဂံကြောင့်ဟု တရုတ် အစိုးရပြော

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
3.3K
အရှေ့တောင်အာရှက ရွှေတြိဂံနယ်မြေဟာ ဘိန်းနဲ့ မက်တာဖက်တမင်း ဆေးပြားများ တရုတ်ကို ရောင်းချတဲ့ အဓိကနေရာ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
တရုတ်အစိုးရက ဇွန် ၂၅ ရက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကနေ ထောက်ပြပြောဆိုလိုက်တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်က ဖမ်းဆီးရမိခဲ့တဲ့ ဘိန်း ၉.၃ တန်နဲ့ ၁၁.၄ တန် မက်တာအဖက်တမင်းတွေဟာ ဒီဒေသကနေ ထုတ်လုပ်တာလို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။
ရွှေတြိဂံက တရုတ်အတွက် အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ဒေသအဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့ တရုတ်နိုင်ငံက မူးယစ်ဆေးဝါး အသုံးပြုတာကို စောင့်ကြည့်တဲ့ ပထမဆုံး အစီရင်ခံစာက ရေးပါတယ်။
မဲခေါင်မြစ်တလျှောက် တောတောင်ထူထပ်တဲ့ ဒီဒေသမှာ ရာဇ၀တ်ဂိုဏ်းတွေနဲ့ လက်နက်ကိုင် သူပုန်တပ်ဖွဲ့တွေကို နှိမ်နှင်းရာမှာ တရုတ်က နယ်စပ်ဖြတ်ကျော် အကူအညီတွေကို တိုးမြင့်နေပေမယ့် ဒီဒေသဟာ ဒေသတွင်းခြိမ်းခြောက်မှုတခု ဖြစ်နေဆဲပဲလို့ အစီရင်ခံစာက မီးမောင်းထိုးပြပါတယ်။
လူက ဖန်တီးထားတဲ့ မက်တာအဖက်တမင်းနဲ့ တခြားမူးယစ်ဆေးဝါးတွေက တရုတ်မှာ ဘိန်းထက်ပိုပြီး လူကြိုက်များနေတယ်လို့ တရုတ်အစိုးရထုတ်ပြန်ချက်က ဆိုပါတယ်။
၁၉၄၉ ခုနှစ် ကွန်မြူနစ်ပါတီက အာဏာရယူပြီးတဲ့နောက် ဘိန်းအသုံးပြုတာကို တရုတ် အစိုးရ ပယ်ဖျက်ခဲ့ပေမယ့် ၁၉၈၀ နောက်ပိုင်း ထိန်းချုပ်မှုကို လျော့ချပြီးတဲ့နောက် ပြန်လည် အားကောင်းလာပါတယ်။
တရုတ်မှာ မူးယစ်ဆေးဝါး အသုံးပြုသူ ၃ သန်းနီးပါးရှိနေသလို အသုံးပြုသူတွေက ငယ်ရွယ်ပြီး မူးယစ်ဆေးဝါး အမျိုးအစားအတော်များများကို အသုံးပြုတဲ့ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။