A d v e r t i s e m e n t With Us

တရုတ်ရှိ ပန်ဒါဝက်ဝံကြီး ကမ္ဘာ့ပထမဆုံး အမြွှာညီအစ်မ မွေး (ရုပ်သံ)

တရုတ်ပြည်အနောက်တောင်ပိုင်း စီချွမ်ခရိုင်၊ ချန်ဒူးမြို့၊ ပန်ဒါမွေးမြူရေးဌာနမှာ ပန်ဒါ ၀က်ဝံကြီးက ကမ္ဘာ့ပထမဆုံး အမြွှာညီအစ်မ ၀က်ဝံလေးတွေကို ဇွန် ၂၂ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ သူတို့ကို ဇွန် ၂၂ ရက်နေ့မနက် ၅ နာရီ ဆယ်မိနစ်မှာ မွေးဖွားခဲ့ပြီး ကိုယ်အလေးချိန်က ၁၁၈ ဂရမ် နဲ့ ၇၀ ဂရမ်အသီးသီးဖြစ်ကာ နေ့စဉ် နွားနို့ ၁ မီလီမီတာကုန်အောင် သောက်နိုင်တယ်လို့ ကျွေးမွေးစောင့်ရှောက်သူတွေကပြောပါတယ်။ ၇ နှစ်အရွယ် ၀က်ဝံကလေး ကယ်လင်ဟာ ဇန်န၀ါရီလတည်းက မေထုံမဲ့သားစပ်ခြင်းနဲ့ ကိုယ်ဝန်လွယ်ထားခဲ့တာဖြစ်ပြီး မွေးခန်းထဲရောက်ပြီး ၂ နာရီအကြာမှာ အမြွှာ ၀က်ဝံကလေးတွေကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ “ဒါဟာ ၀က်ဝံပေါက်ကလေးကို ပထမဆုံးမြင်ဖူးတာပဲ။ အရမ်းအံ့သြစရာကောင်းတယ်။ သူတို့ကိုကြည့်ရတာ ကြွက်ပေါက်ကလေးတွေလိုပဲ” လို့ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟျူးဘေခရိုင်က လာရောက်ကြည့်ရှုသူတဦးဖြစ်တဲ့ တူကင်းက ပြောပါတယ်။ သြစတြေးလျနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် စကော့တ်က “သူတို့က အရမ်းချစ်စရာကောင်းတဲ့ကလေးတွေလိုပဲ။ သူတို့ ဒီလိုလအနည်းငယ်နေရဦးမယ်။ ပြီးတော့ သူတို့ကိုယ်ပိုင် အနက်ရောင်အစင်းတွေနဲ့ ကြီးလာကြမယ်” လို့ပြောပါတယ်။ ချန်ဒူးခရိုင်၊ ပန်ဒါဝက်ဝံကြီးမွေးမြူရေးနဲ့ သုတေသနဌာန၊ တိရစ္ဆာန်ကွပ်ကဲရေးဌာန ဒါရိုက်တာ ၀ူးကွန်ဂျူက ၀က်ဝံအမြွှာနှစ်ကောင်လုံးဟာ လက်ရှိအချိန်ထိ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆိုပါတယ်။ သုတေသနဌာနက အမြွှာဝက်ဝံကလေးနှစ်ကောင်ရဲ့ ကြီးထွားရှင်သန်နေထိုင်မှုကို အခြားသော နာမည်ကျော်ပြည်တွင်း ၀က်ဘ်ဆိုက်ဒ်တွေကတဆင့် လွှင့်တင်သွားမှာဖြစ်ပြီး သူတို့ကို အမည်ပေးနိုင်ဖို့ တကမ္ဘာလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up