A d v e r t i s e m e n t With Us

လှေစီးဒုက္ခသည် လူကုန်ကူးသူ ၂၀ ကို ထောင်ဒဏ် ၅ နှစ်စီချမှတ်

ဓာတ်ပုံ - အေအက်ဖ်ပီ
ရခိုင်ပြည်နယ် မြန်မာ့ရေပိုင်နက်အတွင်း လှေစီးဒုက္ခသည်တွေ ခေါ်ဆောင်လာသူ အယောက် ၂၀ ကို မောင်တောမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုပါဝင်တဲ့ လူပေါင်း ၂၀၀ ကျော်ကို ပြီးခဲ့တဲ့လက ဖမ်းဆီးရမိပြီးတဲ့နောက် သူတို့ကို ခေါ်ဆောင်လာတဲ့ထဲက လူအယောက် ၂၀ ကို မောင်တောမြို့နယ်တရားရုံးက လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မနဲ့ ပြစ်ဒဏ်ချလိုက်တာလို့ မောင်တောတရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ကို ဒီတနင်္လာနေ့ (ဇွန် ၂၂ ရက်) တုန်းက မြို့နယ်တရားရုံးကနေ လ၀က ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၅ နှစ်စီ ချလိုက်တယ်။  စုစုပေါင်း ၂၀ ဦးပါ။ လှေထိုးသားတွေ၊ စကားပြန်တွေပါတယ်။  ခရိုင်တရားရုံးကလည်း လူကုန်ကူးမှု ဥပဒေပုဒ်မနဲ့ တရားစွဲထားပါတယ်။  လူကုန်ကူးမှုနဲ့ တရားစွဲထားတာ စုစုပေါင်း ၂၅ ဦးရှိတယ်။ နောက်ထပ် ၅ ဦးက တရားခံပြေးတွေပေါ့။” ပြစ်ဒဏ်ချမှတ်ခံရတဲ့လူတွေဟာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့က ဖြစ်ကြပြီး လောလောဆယ် သူတို့ကို ဘူးသီးတောင်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ လှေစီးဒုက္ခသည် ၂၀၈ ဦးထဲက ၁၄၂ ဦးကိုတော့ ရခိုင်ပြည်နယ်အစိုးရကနေပြီး   ဇွန်လ ၈ ရက်နေ့နဲ့ ဇွန်လ ၁၉ ရက်နေ့တွေမှာ သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အစိုးရထံ လွှဲပြောင်းပေးအပ် ခဲ့ပြီးဖြစ်ပါတယ်။ ကျန်သူအားလုံးကိုလည်း ဆက်လက်လွှဲပြောင်းပေးပို့နိုင်ဖို့ နိုင်ငံသားစိစစ်ရေးတွေ လုပ်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။ စက်လှေပေါ် ပါလာသူတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ အလုပ်သွားလုပ်ဖို့ ရည်ရွယ်ပေမယ့် မလေးရှားနဲ့ အင်ဒိုနီးရှား ပင်လယ်ပြင်ဘက်မှာ စစ်ဆေးဖမ်းဆီးမှုတွေ များနေတာကြောင့် မြန်မာ့ပင်လယ်ပြင်ဘက် ရှောင်တိမ်းလာစဉ် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် မေလလယ်လောက်က ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လူကုန်ကူးခံရသူတွေကို သတ်ဖြတ်မြှုပ်နှံထားတဲ့ အလောင်းတွေ တော်တော်များများ တူးဖော်ရရှိပြီး ထိုင်းအစိုးရက လူကုန်ကူးမှုနဲ့ ပါဝင်ပတ်သက်သူတွေကို ဆက်တိုက်ဖမ်းဆီးအရေးယူခဲ့သလို ရေပိုင်နက် မြေပိုင်နက် လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ လူကုန်ကူးမှုနှိမ်နင်းရေးနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဇွန်လ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ  မေလ ၁ ရက်နေ့မှ ဇွန်လ ၂၃ နေ့အတွင်း ဖမ်းဝရမ်း ထုတ်ခံရသူ စုစုပေါင်း ၁၂၀ ဦးရှိပြီး အဲဒီထဲက ၃၁  ဦးကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်   ၅၆  ဦးကို ထိန်းချုပ်ထားပြီး ကျန်တဲ့ ၃၃ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲပဲလို့  ဆိုပါတယ်။ လူကုန်ကူးမှုနဲ့ ပတ်သက်သူတွေထဲမှာ ထိုင်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းတဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးး၊ စစ်သား၊ ရဲနဲ့ ဒေသတွင်း သြဇာရှိသူတချို့ ပါဝင်ပြီး ထိုင်းရောက် မြန်မာနိုင်ငံသားတွေလည်း  ပါဝင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up