ရှေးဟောင်းဆီးရီးယားမြို့ ပါမိုင်ရာကို အိုင်အက်စ်အဖွဲ့ ဖျက်ဆီး

ဓာတ်ပုံ - ရိုက်တာ
3.8K
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို) က သတ်မှတ်ထားတဲ့ အနှစ် ၂ ထောင်သက်တမ်းရှိ ရှေးဟောင်း ဆီးရီးယားမြို့ ပါမိုင်ရာကို ဇွန် ၂၃ ရက်နေ့က ဖောက်ခွဲ ဖျက်ဆီးလိုက်ပါတယ်။
မေလတုန်းက တဒ်မာရ်မြို့ကို အိုင်အက်စ် စစ်သွေးကြွတွေ သိမ်းပိုက်အပြီး ဒါဟာ ပထမဆုံး ဖျက်ဆီးမှုလည်း ဖြစ်ပါတယ်။
စစ်သွေးကြွတွေ အဲဒီမြို့မှာ စခန်းချနေခဲ့သလို ဆီးရီးယားတပ်တွေကလည်း ဗုံးကြဲခဲ့ပါတယ်။
စစ်သွေးကြွတွေက မြို့တွင်းမှာ မိုင်းတွေထောင်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအုပ်စုဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။
ဒါပေမယ့် စစ်သွေးကြွတွေက ရှေးဟောင်းဒေသကို ဖျက်ဆီးဖို့ ပြင်ဆင်တာလား၊ အစိုးရတပ်တွေ သူတို့ကို မစီးနင်းနိုင်အောင် မိုင်းထောင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဆီးရီးယား ရှေးဟောင်းပစ္စည်းဌာန ခေါင်းဆောင် အဗ္ဗဒူ မာမွန် အဗ္ဗဒူခရင်းမ်က စစ်သွေးကြွတွေဟာ သူတို့ဖြန့်ကြက်ရာ ဒေသတွေမှာ ဂူသင်္ချိုင်းတွေကို တွေ့တာနဲ့ ဘာသာရေး စော်ကားမှုလို့ ရှုမြင်ပြီး ဖျက်ဆီးပစ်တော့တာပဲလို့ ပြောပါတယ်။
အိုင်အက်စ် စစ်သွေးကြွတွေ အီရတ်နဲ့ ဆီးရီးယားက နယ်မြေအများအပြားကို မထိန်းချုပ်ခင်ကတည်းက ရာနဲ့ချီတဲ့ ရုပ်တုတွေကို မြို့တွင်းကနေ ဘေးကင်းတဲ့ နေရာဆီ ရွှေ့ပြီးပြီလို့ သူက ဆက်ပြောပါတယ်။
အိုင်အက်စ် စစ်သွေးကြွတွေဟာ အီရတ်နဲ့ ဆီးရီးယားရှိ ဆူဖီဂိုဏ်းခွဲက အများအပြားပိုင်တဲ့ ဒါဇင်နဲ့ချီတဲ့ ဘာသာရေး ဝတ်ကျောင်းတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီးပါပြီ။
အစ္စလာမ် ဘာသာရေးကျောင်းဖြစ်တဲ့ ဆူဖီကျောင်းတွေကို ဆာလာဖစ် ဆွန်နီ မွတ်စလင်တွေက ဆန့်ကျင်ကြပါတယ်။
အိုင်အက်စ်တွေနဲ့ အယ်လ်ကိုင်းဒါးတွေဟာ အကျင့်သိက္ခာ စောင့်စည်းမှု တင်းကျပ်တဲ့ ဒေသက ဆာလာဖစ် မွတ်စလင်တွေကို တိုက်ခိုက်ရေးသမားတွေအဖြစ် စုဆောင်းလေ့ ရှိပါတယ်။