A d v e r t i s e m e n t With Us

မဖွယ်မရာပုံ အွန်လိုင်းတင်သည့် စင်ကာပူလူငယ်ကို စိတ်ရောဂါစစ်ရန် တရားရုံးဆုံးဖြတ်

စင်ကာပူနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်ကို ပုတ်ခတ်စော်ကားပြီး မဖွယ်မရာပုံတွေကို အင်တာနက်မှာ တင်ခဲ့လို့ အရေးယူခံရတဲ့ ဆယ်ကျော်သက်ကို စိတ်ရောဂါဆေးစစ်မှုခံယူဖို့ တရားရုံးက ဇွန် ၂၃ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၁၆ နှစ်အရွယ် အားမို့စ်ရီ (Amos Yee) ဟာ ပြီးခဲ့တဲ့ မတ်လက ကွယ်လွန်သွားပြီဖြစ်တဲ့ စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယုကို အင်တာနက်လူမှုကွန်ရက်မှာ ဝေဖန်ရှုတ်ချခဲ့သလို ခရစ်ယာန်ဘာသာဝင်တွေကို ပုတ်ခတ်ပြောဆိုခဲ့လို့ ဖမ်းဆီးခံရတာပါ။ “သူ့ကို စိတ်ရောဂါကုသဖို့ ဆေးရုံက ဆေးစစ်ချက်တောင်းထားပါတယ်။ စိတ်ရောဂါ ကုသဖို့ ဆေးစစ်ချက်အတွက် တရားရုံးက အချိန် ၂ ပတ်ပေးပါတယ်။ နောက်တခုက အားမို့စ်ကလည်း သူအင်တာနက်မှာ တင်ထားတဲ့ဟာတွေကိုလည်း ပြန်ရုပ်သိမ်းဖို့နဲ့ အဲ့ဒီပုံမျိုးတွေကို ထပ်မတင်တော့ဘူးလို့ ပြောထားတာလည်း ရှိပါတယ်။ ဒါကတော့ ကောင်းတဲ့ကိစ္စပါ” လို့ အားမို့စ်ရဲ့ ရှေ့နေဖြစ်သူ အဲဖရက် ဒေါ့ဝဲ (Alfred Dodwell) က ပြောပါတယ်။ အားမို့စ်ကတော့ ပြီးခဲ့တဲ့မေလ ၇ ရက်နေ့က သူ့ရဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် ဖမ်းဆီးခံရပေမယ့် သူ့မှာ အပြစ်မရှိဘူးလို့ ပြောဆိုထားပါတယ်။ သူ ဖမ်းဆီးခံရတဲ့ကိစ္စဟာ စင်ကာပူနိုင်ငံရဲ့ လူမှုကွန်ရက်မီဒီယာ လွတ်လပ်ခွင့်နဲ့ ဆင်ဆာပိတ်ပင်မှုအပေါ် ဝေဖန်ထောက်ပြစရာဖြစ်ခဲ့ပါတယ်။ စင်ကာပူပြည်သူတွေအကြားမှာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့ပညာရေးစနစ်တွေအပေါ်မှာလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့တာပါ။ စင်ကာပူနိုင်ငံမှာ သူတပါးကို ထိခိုက်အောင်ပုတ်ခတ်ပြောဆိုမှုဟာ အမေရိကန်ဒေါ်လာ ၃၇၇၀ အထိ ဒဏ်ကြေးဆောင်ရနိုင်တဲ့ ပြစ်မှုတခုလည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up