A d v e r t i s e m e n t With Us

အာဖဂန်လွှတ်တော် တိုက်ခိုက်ခံရမှု လုံခြုံရေးအရာရှိများကို အပြစ်ပေးရန် တောင်းဆို

ဓာတ်ပုံ - ရိုက်တာ
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်သူပုန်တွေက လွှတ်တော်ကို တိုက်ခိုက်မှုကနေ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ လုံခြုံရေးအရာရှိတွေကို အပြစ်ပေးဖို့နဲ့ ဘေးကင်းလုံခြုံရေးကို စီစဉ်ပေးဖို့ အစိုးရကို ဇွန် ၂၃ ရက်နေ့မှာ အာဖဂန်ပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။ ဇွန် ၂၂ ရက်နေ့ တိုက်ခိုက်မှုကနေ လွတ်မြောက်လာသူ တဦးဖြစ်တဲ့ အမတ် နာကီဘူလာ ဖှိုက်က လွှတ်တော်ကို ကာကွယ်ဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို လိုက်လံဖမ်းဆီးဖို့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားပါတယ်။ “ကျနော်တို့ လုံခြုံရေးဌာနက လူတွေအကုန်လုံးကို ဆင့်ခေါ်ရပါမယ်။ တရားဝင် အင်အားတွေ အကုန်သုံးပြီးတော့ သူတို့ကို စုံစမ်း အပြစ်ပေးဖို့ ဖမ်းဆီးရပါမယ်။ ဒါမှမဟုတ် သူတို့ရဲ့ တာဝန်ပျက်ကွက်မှုအတွက် အလုပ်ရာထူးနေရာကတောင် ဖြုတ်ပစ်ရပါမယ်။ ကျနော်တို့ ဒါကို ပြင်းပြင်းထန်ထန် အရေးမယူဘူးဆိုရင် တာဝန်ကို တမင်ပျက်ကွက်တာမျိုးတွေ ပိုတောင် တိုးလာပါလိမ့်မယ်။” တာလီဘန် အသေခံဗုံးခွဲသမား ၁ ယောက်နဲ့ သေနတ်သမား ၆ ယောက်တို့ဟာ ဇွန် ၂၂ ရက်နေ့က အာဖဂန်လွှတ်တော်ကို တိုက်ခိုက်ခဲ့တာပါ။ တာလီဘန်သူပုန်တယောက်က လွှတ်တော်ဂိတ် အပြင်ဘက်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ထားတဲ့ကားကို ဖောက်ခွဲလိုက်တယ်ဆိုတဲ့ ကဘူးလ်ရဲတပ်ဖွဲ့ အဆိုအရ ကားမောင်းသူဟာ လုံခြုံရေးဂိတ် အဆင့်ဆင့်ကို ဘယ်လိုဖြတ်ကျော်ဝင်ရောက်လာလဲ ဆိုတဲ့ မေးခွန်းတွေ အမေးများနေပါတယ်။ သေနတ်သမား ၆ ယောက်ဟာ လွှတ်တော်အနီးက အဆောက်အဦထဲမှာ နေရာယူထားပေမယ့် ၀င်းခြံရဲ့ ဂိတ်ပေါက်တွေ အထိတော့ ရောက်မလာဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ အမျိုးသမီး ၁ ဦး သေဆုံးပြီး အရပ်သား ၃၀ လောက် ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကဘူးမြို့ခံတွေကလည်း သူတို့ရဲ့လုံခြုံရေးကို အာမခံချက်ပေးဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။ အမတ် နာကီဘူလာ ဖှိုက်က “အစိုးရက လုံခြုံရေး စီစဉ်ပေးရပါမယ်။ နေ့တိုင်း ကျနော်တို့ မြို့ရဲ့ တနေရာရာမှာ ဖြစ်နေတဲ့ ပေါက်ကွဲမှုတွေကို စိုးရိမ်ထိတ်လန့်နေရပါတယ်။ အစိုးရအနေနဲ့ သူတို့တာဝန်ကို အပြည့်ထမ်းဆောင်ပြီး ပြည်သူတွေရဲ့လုံခြုံရေးကို အာမခံပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။ ဇွန် ၂၂ ရက်နေ့ တိုက်ခိုက်မှုဟာ ယာယီကာကွယ်ရေး ၀န်ကြီးအသစ် မာဆွမ် စတန်နစ်ဇိုင်နဲ့ ဥပဒေပြုအမတ်တွေ တွေ့ဆုံချိန်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ သူဟာ ဒီရာထူးအတွက် အဆိုပြုခံရသူ ၃ ယောက်မြောက်ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ရဲ့ရာထူးခန့်အပ်မှုကို လွှတ်တော်ကနေ အတည်ပြုပေးရမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up