ပီယာလို နယူးယောက်စီးတီးသို့ ပြောင်းရွှေ့ရန် ညှိနှိုင်း

1.3K
အီတလီ ကွင်းလယ်ကစားသမား အန်ဒရေ ပီယာလိုဟာ အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးကို ပြောင်းရွှေ့ဖို့ ပြောဆိုညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။
လောလောဆယ်မှာ ပီယာလိုနဲ့ နယူးယောက်စီးတီးအသင်းတို့ သဘောတူညီမှုတော့ မရသေးပါဘူး။
တကယ်လို့ အပြောင်းအရွှေ့ဖြစ်ခဲ့ရင် ၀ါရင့် ကွင်းလယ်ကစားသမားဟာ လာမယ့် ဇူလိုင် ၁၂ ရက်နေ့ တိုရန်တို အက်ဖ်စီနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ပီယာလိုဟာ ဂျူဗင်တပ်အသင်းနဲ့ လောလောဆယ် တနှစ်စာချုပ် သက်တမ်း ကျန်နေပါတယ်။
ပီယာလိုဟာ ဒီလ အစောပိုင်းက ရီးရဲလ်မက်ဒရစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးလိုက်ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင် ကစားထားပါတယ်။
သူဟာ အီတလီ စီးရီးအေမှာ အေစီမီလန်နဲ့ ဂျူဗင်တပ်တို့မှာ ကစားခဲ့ပြီး စီးရီးအေ ချန်ပီယံဆု ၆ ကြိမ် ရဖူးထားပါတယ်။
အေစီမီလန်အသင်းနဲ့တော့ ချန်ပီယံလိဂ် ၂ ကြိမ် ရထားပြီး အီတလီ လက်ရွေးစင်အသင်းတော့ ၂၀၀၆ မှာ ကမ္ဘာ့ဖလား ရရှိထားပါတယ်။
ပီယာလိုဟာ နယူးယောက်စီးတီးကို ပြောင်းရွှေ့ဖြစ်ရင် အင်္ဂလန် ကွင်းလယ်သမား ဖရန့် လမ်းပတ်နဲ့ တွဲဖက်ကစားရမှာ ဖြစ်ပါတယ်။