ဘရာဇီးတိုက်စစ်မှူး ဖာမီနိုကို လီဗာပူး ခေါ်ယူ

828
လီဗာပူးအသင်းက ဘရာဇီးတိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုကို ပေါင် ၂၉ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ဖာမီနိုကို ဂျာမန်ကလပ် ဟော်ဖန်ဟိုင်းအသင်းကနေ ခေါ်ယူလိုက်တာပါ။
ဖာမီနိုဟာ လောလောဆယ်မှာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ကိုပါပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။ သူ့အနေနဲ့ အလုပ်လုပ်ခွင့်ပါမစ် ရဖို့တော့ လိုအပ်နေပါတယ်။
လီဗာပူးအသင်း အမှုဆောင် အရာရှိချုပ်ကတော့ ကိုပါဖလား ကျင်းပတဲ့ ချီလီကို ရောက်ရှိနေပြီး ဖာမီနိုကို ၅ နှစ်စာချုပ်နဲ့ ချုပ်နိုင်ဖို့ ဆွေးနွေးနေပါတယ်။
တိုက်စစ်မှူး ဖာမီနိုဟာ ၂၀၁၁ မှာ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ အန်ဒီ ကာရိုးပြီးရင် လီဗာပူးက ဒုတိယမြောက် ကြေးအကြီးဆုံးနဲ့ ခေါ်ယူတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။
လီဗာပူးက အသင်းမှာ မတည်မငြိမ် ဖြစ်နေတဲ့ တိုက်စစ်မှူး စတာလင်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ပြင်ဆင်မှုအနေနဲ့ ဖာမီနိုကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
ဘရာဇီး တိုက်စစ်မှူး ဖာမီနိုဟာ ဟော်ဖန်ဟိုင်း အသင်းအတွက် ၁၅၃ ပွဲမှာ ၄၉ ဂိုး သွင်းပေးထားပါတယ်။
သူဟာ ဘရာဇီးက ဗင်နီဇွဲလားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ကိုပါဖလား အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ဂိုး ၁ ဂိုး သွင်းယူပေးထားပါတယ်။