Home
မြန်မာသတင်း
အစိုးရတပ်နှင့် ၀ တပ် စစ်ရေးတင်းမာမှု ဆွေးနွေးအဖြေရှာမည်
နန်းမြနဒီ
·
June 23, 2015
ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ထဲမှာ လတ်တလော အစိုးရတပ်နဲ့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့တို့ကြား  အခြေအနေတင်းမာနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းဖို့အတွက် ၀ကိုယ်စားလှယ်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဇော်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ နေပြည်တော်ကနေ မနေ့ညနေက ဖုန်းနဲ့အကြောင်းကြားလာတဲ့အတွက်  တောင်ပိုင်း ၀ တပ်ဖွဲ့ တပ်ရင်း ၁၇၁ ပင်မဆက်ဆံရေးတာဝန်ခံ ဦးကော်နိန် ဟာ ဒီကနေ့ဘဲ နေပြည်တော်ကို ခရီးထွက်ခွာသွားတယ်လို့ ယူဒဗလျူအက်စ်အေ ပြင်ပဆက်ဆံရေးပထမဌာနကြီးမှူး ဦးအိုက်လူက ဒီဗွီဘီကို ပြောပါတယ်။ “နေပြည်တော် ဦးသိန်းဇော်တို့ဆီက မနေ့ကဘဲ ကျနော်တို့ဆီ ဖုန်းနဲ့အကြောင်းကြားပါတယ်။ တဖက်နဲ့ တဖက် မတိုက်ခိုက်ဖို့ သေနတ်သံမထွက်အောင် ထိန်းဖို့ပေါ့။ ဒီနေ့ဘဲ  ကျနော်တို့ တောင်ပိုင်းတပ် တာဝန်ရှိသူ ဦးကော်နိန်က နေပြည်တော်ကို သွားနေပါတယ်။ သူတို့ ဒီနေ့ ညနေလောက် တွေ့မယ်လို့ပြောတယ်။” လက်ရှိအခြေအနေမှာ အစိုးရတပ်ဘက်က တပ်ရင်း ၅ ရင်း  အင်အား ၁၀၀၀ ကျော်နဲ့ ၀ တပ်ဘက်က တပ်ရင်း ၈ ရင်း အင်အား ၁၀၀၀ ကျော်တို့ဟာ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်တွင်း  ဟိုပန်၊ ဟိုယွတ်၊ နားကောင်းမူးနဲ့ ဘီပီဝမ်း စတဲ့ ဒေသတွေမှာ  တဖက်တချက်စီ ဖြန့်ကျက်နေရာယူပြီး လမ်းတွေပိတ်ထားတာ တပတ်ကျော်ပြီလို့  သူကပြောပါတယ်။ ဒီဖြစ်ရပ်မဖြစ်မီ ဒီလဆန်းပိုင်းက  မိုင်းတုံမြို့နယ် တောတွင်းတစ်နေရာမှာ  သစ်ဝင်ခုတ်တဲ့  ၀ တပ်ဖွဲ့ဝင် ၆ ဦး နဲ့ အလုပ်သမား ၁၀ ဦးတို့ကို အစိုးရတပ်ဘက်က ဖမ်းဆီးထားပြီးတဲ့နောက် တဘက်နဲ့ တဘက် အပြန်အလှန် ၀ိုင်းထားခဲ့ပါတယ်။ အဲဒီကိစ္စကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဇော်ထံ စာရေးအကြောင်းကြားပြီးတဲ့နောက် အစိုးရတပ်က ဖမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးခဲ့ပေမယ့် တပ်တွေ ဆုတ်မသွား တဲ့အပြင် နောက်ထပ်အင်အားတိုးဖြည့်လာလို့ သူတို့ဘက်ကလည်း အင်အားဖြည့်ပြီး အဆင်သင့်ပြင်ထားတာလို့  ဦးအိုက်လူက ဆက်ပြောပါတယ် ။ “ကျနော်တို့က စစ်လုံးဝ မတိုက်ချင်ပါဘူး။ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ သူတို့ဆုတ်ရင် ကျနော်တို့လည်း ဆုတ်မယ်။ သူတို့က မဆုတ်တော့ ကျနော်တို့လည်း မဆုတ်ဘူးပေါ့။  ဦးကော်နိန် နေပြည်တော်က ပြန်လာရင်တော့ အခြေအနေထူးမယ်တော့ ထင်ပါတယ်။” အခုလို နှစ်ဘက်တပ်ကြား ညှပ်နေတဲ့အတွက် နားကောင်းမူးရွာသားတချို့ တိုက်ပွဲဖြစ်မှာ ကြောက်ပြီး ထိုင်းနိုင်ငံနဲ့ တခြား တာချီလိတ်ကျိုင်းတုံဘက် တိမ်းရှောင်ထွက်ပြေးသူတွေ ရှိနေ တယ်လို့ နားကောင်းမူးရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ရွာရဲ့တောင်ဘက်မှာ ၀တပ်၊ မြောက်ဘက်မှာက အစိုးရတပ်ရှိတယ်။  ရွာပြင်ထွက်ရင် တပ် ၂ ဖက်စလုံးက စစ်ဆေးတယ်။ ရွာသားဆိုရင် ပေးသွားတယ်။  သူတို့တပ်တွေက တအားနီးကပ်တာဘဲ။ ပစ်ချင်ရင် ခနဘဲ၊  တချို့တော့ မနေရဲလို့ တခြားကို ထွက်သွားပြီ။ ယိုးဒယားဘက်ရော၊ ကျိုင်းတုံ တာချီလိတ်ဘက်ရော၊ ရွာမှာ လူတ၀က်လောက်ဘဲ ကျန်တယ်။ အရောင်းအ၀ယ်လဲ မကောင်းပါဘူး။” ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ န၀တစစ်အစိုးရနဲ့ အပစ်ခတ်ရပ်ပြီး ရှမ်းပြည်မြောက်ပိုင်း  မိုင်းမော၊ ပန်ခမ်း၊ မိုင်းပေါက်၊ ပန်ဝိုင် စတဲ့ ဒေသတွေကို အထူးဒေသ (၂) အဖြစ်သတ်မှတ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတာ ဖြစ်ပါတယ်။ ၁၉၉၅ - ၉၆ မှာ ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်ခရိုင်တွင်း မိုင်းကွတ်၊ ဟွေ့အော၊ နမ့်ဟူးခွန် စတဲ့ဒေသတွေမှာ ၀ တပ်ဖွဲ့ တိုးချဲ့ခဲ့ပြီး ၁၉၉၈ မှာ မြောက်ပိုင်းက ၀ လူမျိုးတွေအများအပြား တောင်ဘက်ကို လာရောက် အခြေချခဲ့ပါတယ်။ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်ကာ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024