တိုက်တန်းနစ် ဇာတ်ဝင်သီချင်းရေးစပ်သူ လေယာဉ်ပျက်ကျ သေဆုံး

အော်စကာရုပ်ရှင်ထူးချွန်ဆုရ တိုက်တန်းနစ်ဇာတ်ကားထဲက နာမည်ကျော် ဇာတ်ဝင်သီချင်း "My Heart Will Go On" ကို ရေးစပ်သူ ဟောလီးဝုဒ် ဂီတစာဆို ဂျိမ်းစ်ဟော်နာဟာ ကိုယ်ပိုင်လေယာဉ်ပျက်ကျပြီး သေဆုံးသွားပါတယ်။
ဇွန် ၂၂ ရက်က ကယ်လီဖိုးနီးယား ပြည်နယ်မှာ လေယာဉ်ပျက်ကျပြီး အသက် ၆၁ နှစ် ဟော်နာက ပျောက်ဆုံးနေပေမယ့် အခုတော့ သေဆုံးသွားပြီလို့ သူရဲ့ ကိုယ်ရေးအရာရှိက လူမှုရေးကွန်ရက် တွစ်တာ စာမျက်နှာမှာ ရေးပါတယ်။
သူချစ်တဲ့အရာကို လုပ်နေစဉ်မှာ သေဆုံးသွားသလို မယုံနိုင်စရာ အရည်အချင်းတွေရှိတဲ့ လူတဦးကို ဆုံးရှုံးသွားပြီလို့ ကိုယ်ရေးအရာရှိက ရေးသားခဲ့ပါတယ်။
သရုပ်ဆောင်နဲ့ ဒါရိုက်တာ ရွိုင်ဟောင်းဝပ်ကလည်း ဟော်နာဟာ လေယာဉ်ပျက်ကျလို့ သေဆုံးခဲ့သလို သူချစ်တဲ့ သူတွေအတွက် နာကျင်စွာခံစားရတယ်လို့ ပြောပါတယ်။
ဂီတစာဆို ဟော်နာဟာ တိုက်တန်းနစ် ရုပ်ရှင်ကားအတွက် နောက်ခံဂီတဆုနဲ့ My Heart Will Go On သီချင်းအတွက် စာသားရေးစပ်သူ ၀ီလ်ဂျန်နင်းနဲ့အတူ ဇာတ်ဝင်တေး အကယ်ဒမီဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဟော်နာဟာ ဂျိမ်းကင်မရွန် ဇာတ်ကားတွေဖြစ်တဲ့ A Beautiful Mind၊ Troyနဲ့ Apollo 13 ဇာတ်ကားတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။