A d v e r t i s e m e n t With Us

ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို မြန်မာနိုင်ငံခြားရေးဌာန ဆင့်ခေါ်အသိပေး

ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်။ (ဓာတ်ပုံ - MOI)
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မူဟာမတ် ဆူဖီ ရာမာန်ကို ဆင့်ခေါ် အသိပေး ရှင်းလင်းခဲ့တယ်လို့  မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက ဇွန် ၂၀ ရက်မှာ  နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရေတွင်းကျွန်းချောင်းဝနဲ့  ရွက်ညိုတောင်ချောင်းဝအကြား နတ်မြစ်ရဲ့ မြန်မာ့ရေပိုင်နက်မှာ ယူနီဖောင်းမပြည့်မစုံဝတ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးကို မြန်မာ့နယ်ခြားစောင့်ရဲတပ်ဖွဲ့က လက်နက်တွေ၊ စက်လှေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ မြန်မာ့ရေပိုင်နက်သို့ ကျူးကျော် ဝင်ရောက်လာပြီး စတင်ပစ်ခတ်လို့ ဖမ်းဆီးစစ်ဆေးနေကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့ပြင် သံအမတ်ကြီးအနေနဲ့ ဖြစ်ရပ်မှန် အခြေအနေ အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ အမြန်သတင်းပို့စေလိုကြောင်း၊ ရှိပြီးသား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး ဆက်ဆံရေးနဲ့ အိမ်နီးချင်းကောင်းပီသစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်းနဲ့  ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက မမှန်မကန် ချဲ့ကားရေးသားတာတွေ မရှိစေရေး ပူးပေါင်းကူညီဖို့ မြန်မာနိုင်ငံခြားရေး အတွင်းဝန်က ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ဝမှာ နှစ်ဘက် နယ်ခြားစောင့်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြန်မာ နယ်ခြားစောင့် ရဲတပ်ရင်းအမှတ် ၄ က ရဲဘော်တဦး ခြေထောက်မှာ  သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာတော့ မြန်မာဘက်က စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး  ပစ်ခတ်မှုမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနကလည်း ဒါကာမြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ လတ်တလော ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကို မြန်မာနယ်ခြားစောင့်တပ်က ထိန်းသိမ်းသွားပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ နှစ်ဘက် ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up