Home
မြန်မာသတင်း
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ မပြင်ဆင်ရေး တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး
DVB
·
June 23, 2015
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြရာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က ပုဒ်မ ၄၃၆ (က) နဲ့ ၄၃၆ (ခ) ကို ပြင်ဆင်ရန်မသင့်ဘဲ နဂိုမူလအတိုင်းသာ ထားသင့်ကြောင်း ဆွေးနွေးသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးစနစ်ဟောင်း တခုကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းဆဲ အချိန်မှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဒီမိုကရေစီ အလေ့အကျင့်တွေ မရင့်ကျက်သေးတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ (က) နဲ့ (ခ) မှာပါတဲ့ ရာခိုင်နှုန်းတွေကို မပြင်ဆင်ဘဲ မူလအတိုင်းသာ ထားရှိဖို့သင့်တယ်လို့ တပ်မတော် လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင် က ဆွေးနွေးသွားခဲ့တာပါ။ ဒါ့အပြင် အမေရိကန်၊ ဂျာမနီနဲ့ သြစတြေးလျ နိုင်ငံတွေမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ဆင်ဖို့ခက်ခဲတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ ဒီနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပုဒ်မ ၄၃၆ နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ စာရင်းပေးထားသူ အများကြီးရှိခဲ့ပေမယ့် လွှတ်တော်နာယက က လူစာရင်း ပြန်လျှော့ဖို့ ပြောခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက ၄ ယောက်၊ အန်အယ်လ်ဒီပါတီက ၅ ယောက်နဲ့ တပ်မတော်သားကိုယ်စားလှယ် ၁ ယောက် အပါအ၀င် ကိုယ်စားလှယ် ၁၆ ယောက် ရှိခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်က ဖွဲ့စည်းပုံ မပြင်ဆင်သင့်ဘူးလို့ ကန့်ကွက်ဆွေးနွေးပြီး ကျန် ဆွေးနွေးသူတွေက ပြင်ဆင်ရေးကို ထောက်ခံ ဆွေးနွေးခဲ့တာပါ။ အန်အယ်လ်ဒီအမတ်တွေကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို သဘောတူပေမယ့် ပြင်ဆင်ပုံ ပြင်ဆင်နည်းကိုတော့  သဘောမတူဘူးလို့ ဆွေးနွေးသွားပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက်ဖြန်မှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ရှိနေပြီး ဇွန်လ ၂၅ ရက်နေ့မှာတော့ ဖွဲ့စည်းပုံပြင်ဆင် ဥပဒေမူကြမ်းကို တပိုဒ်စီအလိုက် ဆွေးနွေး အတည်ပြုဖို့ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပုဒ်မ ၄၃၆  ပါ မူလပြဋ္ဌာန်းချက်မှာတော့ ဖွဲ့စည်းပုံကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် သဘောတူရမယ်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာလည်း မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော်မှာ  ပြင်ဆင်ပြဋ္ဌာန်းဖို့ရှိနေတဲ့ ဥပဒေမူကြမ်းမှာတော့ ဖွဲ့စည်းပုံပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းအောက် မလျော့နည်းစေရဘူး၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးသူအားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံရမယ်လို့ ပြောင်းလဲ သတ်မှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024