တိုက်တန်းနစ် ဇာတ်ဝင်သီချင်းရေးစပ်သူ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးနေ

1.1K
အော်စကာရုပ်ရှင်ထူးချွန်ဆုရ တိုက်တန်းနစ်ဇာတ်ကားထဲက နာမည်ကျော် ဇာတ်ဝင်သီချင်း "My Heart Will Go On" ကို ရေးစပ်သူ ဟောလီးဝုဒ် ဂီတစာဆို ဂျိမ်းစ်ဟော်နာ တယောက် ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ကိုယ်ပိုင်လေယာဉ် ပျက်ကျပြီးနောက် ပျောက်ဆုံးနေတယ်လို့ သူ့ရဲ့ရှေ့နေ ဂျေကူပါးက ပြောပါတယ်။
အသက် ၆၁ နှစ်အရွယ် ဟော်နာဟာ လော့စ်အိန်ဂျလိစ် မြောက်ဘက်မှာရှိတဲ့ လော့စ် ပဒ်ရေးစ် အမျိုးသားဥယျာဉ်ထဲမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ ရှိနေသေးလား ဆိုတာတော့ မသိသေးဘူးလို့ ဂီတလောကမှ ထင်ရှားတဲ့ အကျိုးဆောင်ရှေ့နေ ကူးပါးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မနက် ၉ နာရီခွဲ အချိန်လောက်မှာ လူ ၅ ယောက်ပါတဲ့ လေယာဉ်ပျက်ကျမှုကြောင့် ချိုင့်ကြီးတခု ဖြစ်သွားပြီး ၁ ဧကကျော်စာလောက် ချုံပုတ်တွေ မီးလောင်သွားတယ်၊ အသက်ရှင်သူ မရှိဘူးလို့ ဒေသခံ မီးသတ်သမားတွေက ပြောပါတယ်။
အလောင်းတလောင်းကိုပဲ တွေ့ရှိထားပြီး ဘယ်သူဘယ်ဝါဆိုတာတော့ မသိဘူးလို့ ဗန်တူအာ စီရင်စု မီးသတ်ဌာနအကြီးအကဲ မိုက်ခ် လင်ဒ်ဘရီက ပြောပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း ချက်ချင်းမသိရသေးပါဘူး။
ဂီတစာဆို ဟော်နာဟာ တိုက်တန်းနစ် ရုပ်ရှင်ကားအတွက် နောက်ခံဂီတဆုနဲ့ My Heart Will Go On သီချင်းအတွက် စာသားရေးစပ်သူ ၀ီလ်ဂျန်နင်းနဲ့အတူ ဇာတ်ဝင်တေး အကယ်ဒမီဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဟော်နာဟာ အေလီယန်စ်၊ "The Karate Kid နဲ့ Brave Heart ဇာတ်ကားတွေမှာလည်း တေးဂီတ အခင်းအကျင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။
Avatar၊ A Beautiful Mind နဲ့ House of Sand and Fog ဇာတ်ကားတွေအတွက် နောက်ခံသီချင်းဆုတွေ အော်စကာဆုရဖို့ အဆိုပြု ခံခဲ့ရပါတယ်။
