A d v e r t i s e m e n t With Us

တရားမ၀င် သြစတြေးလျ နိုင်ငံသားတဦးကို ကျောက်ကြီးမြို့အ၀င်၌ ဖမ်းဆီးအရေးယူ

တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးခံရသည့် ဒေးဗစ်ဂျော့ခ်ျ။ (ဓာတ်ပုံ - MOI)
မြန်မာနိုင်ငံတွင်းကို  ပြည်ဝင်ခွင့်ဗီဇာမရှိဘဲ တရားမ၀င် ၀င်ရောက်နေထိုင်နေတဲ့ သြစတြးလျနိုင်ငံသား အမျိုးသားတဦးကို ရဲက ဖမ်းဆီးအရေးယူထားတယ်လို့ ဇွန် ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ  သတင်းထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း တောင်ငူခရိုင် ကျောက်ကြီးမြို့အဝင် တံတားအနီး ဇွန် ၁၈ ရက်က မသင်္ကာဖွယ်ရာ နိုင်ငံခြားသားတဦး ရောက်ရှိနေတာကို သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ စစ်ဆေးမေးမြန်းချက်တွေအရ ဖမ်းဆီးမိသူဟာ ဒေးဗစ်ဂျော့ခ်ျဆိုသူ သြစတြေးလျ နိုင်ငံသားဖြစ်ပြီး မေ ၁၂ ရက်က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို ဘုရားသုံးဆူနယ်စပ်က တဆင့် ပတ်စပို့ဗီဇာမပါဘဲ ဝင်ရောက်လာခဲ့ကြောင်း၊ ဒီ့နောက် ရန်ကုန်ကို ခရီးသည်ကားနဲ့ လိုက်ပါလာပြီး ရန်ကုန်၊ ပဲခူးမြို့တွေမှာ နေထိုင်သွားလာပြီးနောက် ကျောက်ကြီးမြို့ကို ခရီးသည်တင်ကားနဲ့ ဆက်လက်ထွက်ခွာလာစဉ် ကျောက်ကြီးမြို့အဝင်မှာ တွေ့ရှိဖမ်းဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ သြစတြေးလျနိုင်ငံသားကို ကျောက်ကြီးမြို့မရဲစခန်းက မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ နိုင်ငံအတွင်း တရားမဝင် ၀င်ရောက်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်ရောက်ခဲ့တဲ့ အီရတ်နိုင်ငံသား အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပြီး တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုနဲ့ ထောင်ဒဏ် ၂ ချမှတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up