A d v e r t i s e m e n t With Us

အာဖဂန်လွှတ်တော် ၀င်ပစ်သည့် တာလီဘန်သေနတ်သမား ၆ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာရှိတဲ့ လွှတ်တော်အဆောက်အဦကို ၀င်ပစ်တဲ့ တာလီဘန် သေနတ်သမား ၆ ယောက်လုံး တိုက်ပွဲမှာ သေဆုံးသွားတယ်လို့ မြို့တော် ရဲမှူးကြီး အဗ္ဗဒူ ရာမန် ရာဟီမီ (Abdul Rahman Rahimi) က  ပြောပါတယ်။ အမျိုးသမီး ၂ ယောက် အပါအ၀င် လူ ၁၉ ယောက်ဝန်းကျင် ဒဏ်ရာရသွားပါတယ်။ တာလီဘန်တယောက်က ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားတစီးနဲ့ လွှတ်တော်ဂိတ်ကို အတင်းမောင်းဝင်လာရာကနေ တိုက်ခိုက်မှု စတင်တာလို့ ရဲမှူးကြီးက ပြောပါတယ်။ အဲဒီနောက် သေနတ်သမား ၆ ယောက်ဟာ လွှတ်တော်အနီးမှာ နေရာယူပြီး လုံခြုံရေး အထူးတပ်ဖွဲ့နဲ့ ၂ နာရီကြာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ တာလီဘန်အဖွဲ့ရဲ့ ပြောခွင့်ရသူကလည်း ကာကွယ်ရေးဝန်ကြီးသစ်ကို လွှတ်တော်မှာ မိတ်ဆက်နေချိန်ကို တမင်ရွေးပြီး တိုက်ခိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို တယ်လီဖုန်းကတဆင့် ဖြေကြားပါတယ်။ ဒါပေမယ့် ၀န်ကြီးနဲ့ လွှတ်တော်အမတ်တွေ အားလုံး ဘေးကင်းတယ်လို့ သတင်းတွေက ဆိုပါတယ်။ လူဦးရေ ၃ သန်းခွဲ နေထိုင်တဲ့ မြို့တော် ကဘူးလ်မှာ ကျန်ခဲ့တဲ့ ၂ လအတွင်း တိုက်ခိုက်မှု ခပ်စိပ်စိပ်ဖြစ်နေတာပါ။ တာလီဘန်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့မှာပဲ နိုင်ငံမြောက်ပိုင်းက ကန်ဒတ် ပြည်နယ်ထဲက မြို့ ၂ ခုကို သိမ်းယူလိုက်တဲ့အတွက် အာဖဂန်စစ်သားတွေက တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။  

A d v e r t i s e m e n t With Us

More News
Up