ရာသီဥတု ပူပြင်းမှုကြောင့် ပါကစ္စတန်တောင်ပိုင်းတွင် လူ ၄၀၀ ခန့် သေဆုံး

ဓာတ်ပုံ - ရိုက်တာ
704
လတ်တလော ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းပြည်နယ်မှာ ရာသီဥတု ပူပြင်းတဲ့အတွက် လူ အနည်းဆုံး ၄၀၀ သေဆုံးခဲ့တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ကြေညာပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း နေ့အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးရပ်၊ ၁၁၃ ဒီဂရီဖာရင်ဟိုက် ရှိခဲ့တာပါ။
သေဆုံးသူအများစုဟာ အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချိမြို့ကဖြစ်ပြီး သက်ကြီးရွယ်အိုတွေ များတယ်လို့ ကျန်းမာရေးဌာန အာဏာပိုင်တွေက ပြောပါတယ်။
အပူဒဏ်ကြောင့် နာမကျန်းဖြစ်နေသူနဲ့ သက်ကြီးရွယ်အိုတွေကို အစိုးရဆေးရုံတွေမှာ ဆေးကုသမှုတွေ ပေးနေတယ်လို့ ပြည်နယ်ကျန်းမာရေးအရာရှိက ပြောပါတယ်။
အခုကာလဟာ ရာမဒန်ဥပုသ်လနဲ့ တိုက်ဆိုင်နေပြီး လေအေးပေးစက်တွေက အဆွဲများလို့ လျှပ်စစ်မီး ပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။
လာမယ့် ၁ ရက်၊ ၂ ရက်မှာလည်း နေ့အပူချိန်ဟာ ဆက်လက်မြင့်မားနေဦးမယ်လို့ ပါကစ္စတန် မိုးလေ၀သဌာနက ကြေညာထားပါတယ်။
သေဆုံးသူ နောက်ထပ် ထပ်တိုးဖို့လည်း ရှိတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ အပူချိန် အမြင့်ဆုံးနှစ်က ၁၉၇၉ ခုနှစ်ကဖြစ်ပြီး အပူချိန် ၁၁၇ ဒီဂရီဖာရင်ဟိုက် ရှိခဲ့တာပါ။
ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ အပူလှိုင်းဖြတ်ခဲ့တဲ့အတွက် လူ ၁၇၀၀ လောက် သေဆုံးခဲ့ပါတယ်။