Homeမြန်မာသတင်း
တရက် ကျပ် ၄ ထောင်ပေးရန် အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေး ဆွေးနွေးပွဲ၌ အလုပ်သမားများတောင်းဆို
တရက် ကျပ် ၄ ထောင်ပေးရန် အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေး ဆွေးနွေးပွဲ၌ အလုပ်သမားများတောင်းဆို
DVB
·
June 23, 2015
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဇွန် ၂၂ ရက်နေ့ ဆက်လက် ကျင်းပနေပါတယ်။
ဒီဆွေးနွေးပွဲကို အစိုးရ၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့၊ အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့တွေ တက်ရောက်နေပြီး ရလာတဲ့ အချက်အလက်တွေကနေ အနိမ့်ဆုံးလုပ်ခလစာ အဆိုပြုချက်ကို ထုတ်ပြန်ပေးသွားဖို့ ရှိနေပါတယ်။
ပထမနေ့ ဆွေးနွေးပွဲမှာ အလုပ်သမားတွေဘက်က ၁ ရက်ကို လုပ်ခ ကျပ် ၄၀၀၀ ပေးဖို့ တောင်းဆိုကြပြီး အလုပ်ရှင်တွေဘက်ကလည်း လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ဖို့ ပြန်လည် ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲရလဒ်အပေါ် မူတည်ပြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီက နှုန်းထားတခုကို ကြားချ သတ်မှတ်မှာဖြစ်ပြီး အဲဒီသတ်မှတ်ချက်ကို ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်တို့ရဲ့ သဘောထားရယူ တင်ပြသွားမှာလည်း ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးနဲ့ စပ်လျဉ်းတဲ့ အမျိုးသားအဆင့် ကော်မတီဆွေးနွေးပွဲ ကျင်းပသွားဖို့ရှိပြီး ဒီအစီအစဉ် ပြီးစီးတဲ့အခါ အနိမ့်ဆုံး လုပ်ခလစာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဇွန်လအတွင်းမှာ ချမှတ်ပြဋ္ဌာန်းပြီး သတ်မှတ် ဆောင်ရွက် အကောင်အထည် ဖော်သွားမယ်လို့ ပုံမှန် လစဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ ပြောထားပါတယ်။