A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံတွင် ပထမဆုံး မားစ်ကူးစက်ခံရသည့် လူနာ ရောဂါသက်သာလာ

ထိုင်းနိုင်ငံမှာ မားစ်ရောဂါ ကူးစက်ခံထားရတဲ့ အိုမန်နိုင်ငံသားဟာ ရောဂါသက်သာလာတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဇွန် ၂၂ ရက်နေ့က ပြောပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုအတွက် တိုးတက်တဲ့လက္ခဏာဖြစ်တယ်လို့ ထိုင်းကျန်းမာရေး ဒုတိယအတွင်းဝန်က ပြောပါတယ်။ အသက် ၇၅ နှစ်အရွယ် အိုမန်နိုင်ငံသားဟာ ထိုင်းနိုင်ငံကို နှလုံးရောဂါအတွက် ဆေးခန်းပြဖို့ လာရောက်တာဖြစ်ပြီး ဇွန် ၁၈ ရက်နေ့က မားစ်ရောဂါ ကူးစက်ခံရမှန်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဒါကြောင့် နောက်တနေ့မှာ ဘန်ရွန်ဂရက်ဒ် (Bumrungrad) ကူးစက် ရောဂါအထူးကုဆေးရုံကို ပြောင်းရွှေ့ခဲ့ပြီး သူ့ကို ကုသပေးတဲ့ ဆေးဝန်ထမ်း ၅၈ ယောက်ကိုလည်း အနီးကပ်စောင့်ကြည့်ထားရပါတယ်။ အိုမန်နိုင်ငံသားနဲ့ လိုက်ပါလာတဲ့ ဆွေမျိုး ၃ ဦးလည်း ကျန်းမာရေးအခြေအနေ ပုံမှန်ပဲ  ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဇွန် ၂၂ ရက်နေ့အထိ ကူးစက်ခံရမှု အားလုံး ၁၇၂ မှု ရှိခဲ့ပြီး သေဆုံးသူ ၂၇ ယောက် ရှိခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ရောဂါကူးစက်မှု ကာကွယ်နိုင်တဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာတာဟာ ထိုင်းနိုင်ငံအတွက် ကောင်းမွန်တယ်လို့ ကျန်းမာရေးဒုတိယအတွင်းဝန်က ပြောဆိုပါတယ်။ “ကျနော်တို့နိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှု ခရီးသွားလုပ်ငန်းမှာလည်း ၂ ဘက်ကို ကြည့်ရပါတယ်။ ကျန်းမာရေးအတွက် ကျနော်တို့နိုင်ငံမှာ ဆေးလာကုတဲ့ ဘယ်သူ့ကိုမဆို လက်ခံရမှာဖြစ်သလို တဘက်မှာလည်း ကျနော်တို့ တိုင်းသူပြည်သားတွေကို ရောဂါဘယတွေ မကူးစက်အောင်လည်း တားဆီး ကာကွယ်ရမှာပါ။ အဲဒီ ၂ ခုကို ချိန်ရတာပါ။” ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုဟာ စရိတ်သက်သာပြီး အရည်အသွေးလည်း မြင့်တဲ့အတွက် ၁ နှစ်ကို ကျန်းမာရေးအတွက် လာရောက်သူ ခရီးသည် ၁ ဒသမ ၄ သန်းရှိပြီး စင်ကာပူနိုင်ငံထက် ၂ ဆ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာလည်း ထိုင်းနိုင်ငံစီးပွားရေးရဲ့ ၁၀ ရာခိုင်နှုန်းရှိတာကြောင့် မားစ်ရောဂါ ကူးစက်ခံရတဲ့ကိစ္စဟာ ထိုင်းခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုလည်း ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up