Home
မြန်မာသတင်း
အချိန်မတန်သေးဘဲ ဒုက္ခသည်များကို ပြန်မပို့ရန် တောင်းဆို
နော်နိုရင်း
·
June 22, 2015
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့နဲ့ အချိန်မတန်သေးဘဲ နေရပ်ပြန်မပို့ဖို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က တောင်းဆိုလိုက်ပါတယ်။ ၂၀၁၁ ခုကစပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကောလာဟလတွေ ထွက်ရှိခဲ့သလို ၂၀၁၂ ခုနှစ် ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရတို့အကြား ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ထိုးပြီးနောက်ပိုင်း ဒုက္ခသည်တွေကို ပေးနေတဲ့ နိုင်ငံတကာ အကူအညီတွေ လျော့နည်းသွားခဲ့ပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နန်းဒါးအယ်ကလယ်က “ဒီ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ အပစ်ခတ်ရပ်စဲရေးက တကယ်လို့ လက်မှတ်ထိုးဖြစ်သွားမယ် ဆိုလို့ရှိရင် ဒုက္ခသည်တွေကို ပြန်ပို့မယ့် အစီအစဉ်တွေစမှာ ကျမတို့က စိုးရိမ်တယ်။ နောက်တပိုင်းကလည်း အခု စခန်းတွင်းအခြေအနေပေါ့နော်။ စာနာထောက်ထားမှု အကူအညီပေးရေးက ကူညီပံ့ပိုးမှုတွေက တဖြည်းဖြည်း လျော့ကျလာတယ်။ အဲဒါကလည်းပဲ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တွန်းအားပေးသလို ဖြစ်မှာကို ကျမတို့ စိုးရိမ်တယ်။” အရင်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတွေမှာ ကူညီထောက်ပံ့မှုတွေ အလုံအလောက် ရခဲ့ပေမယ့် ၂၀၁၂ နောက်ပိုင်းမှာ ကူညီထောက်ပံ့မှုတွေ သိသိသာသာ လျော့ကျခဲ့တယ်လို့လည်း ပြောပါတယ်။ “ဆန်က ၁၂ ကီလို ရရာကနေ အခု ၈ ကီလိုကျသွားတယ်။ နောက် ကျန်းမာရေးဆိုလို့ရှိရင် မယ်ရာမို ဒုက္ခသည်စခန်းမှာ အရင်တုန်းက OPD (ပြင်ပလူနာဌာန) က ၃ ခု၊ အခု ၁ ခုပဲကျန်တယ်။ ပညာရေးပိုင်းမှာဆိုရင် ကျောင်းသားရဲ့ဦးရေနဲ့ ဆရာရဲ့ဦးရေ ဆက်ပြီးလုပ်ဆောင်ဖို့ အခက်အခဲရှိလာတယ်။ ဆိုတော့ ကျန်းမာရေးတို့၊ ပညာရေးတို့ဘက်မှာ အဲလိုမျိုး အကူအညီတွေ လျော့ချလိုက်တဲ့အပေါ်မှာ ဒုက္ခသည်စခန်းကို စွန့်ခွာဖို့ တွန်းအားပေးသလို ဖြစ်သွားမှာကိုလည်း ကျမတို့က စိုးရိမ်တယ်။” လက်ရှိ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်သေးသလို အပစ်ရပ်နယ်မြေတွေမှာ အစိုးရတပ်တွေ တိုးများလာမှုတွေ ရှိနေတဲ့အတွက် စစ်ပွဲတွေ ဆက်ဖြစ်မှာ စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ကရင်အမျိုးသမီးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး ပြောဆိုဆွေးနွေးချက်တွေမှာ ဒုက္ခသည်နဲ့ လုထုအခြေပြု အဖွဲ့အစည်းတွေ ဆန္ဒမပါဘဲ ဆက်လက်လုပ်ဆောင်မှုတွေ ရှိနေကြောင်း၊ အစိုးရအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးစီစဉ်မှုမှာ ဒုက္ခသည်ကိုယ်တိုင်နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ခွင့်ပေးဖို့၊ နေရပ်ပြန်ရေး မဆွေးနွေးခင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ အပါအ၀င် အချက် ၇ ချက်ကို  တောင်းဆိုထားပါတယ်။ နိုင်ငံတကာအစိုးရနဲ့ အလှူရှင်တွေကိုတော့ ဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်ကို ကူညီထောက်ပံ့ပေးဖို့ ကရင်အမျိုးသမီးအဖွဲ့က တောင်းဆိုထားပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး လူပေါင်း ၁ သိန်း ၂ သောင်းလောက် ယခင်စစ်အစိုးရ လက်ထက်ကနေ ခု သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်ထိ ခိုလှုံနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024