ရောမခေတ်ရှေးဟောင်းမြို့တွင် အိုင်အက်စ်အဖွဲ့ မြေမြှုပ်မိုင်းများ မြှုပ်နှံထား

1.1K
ဆီးရီးယားအလယ်ပိုင်းက ရောမခေတ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာတွေ ကျန်ရှိတဲ့ ပါမိုင်ရာ Palmyra မြို့မှာ အိုင်အက်စ်အစွန်းရောက်တွေက မြေမြှုပ်မိုင်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အများအပြား မြှုပ်နှံထားတယ်လို့ ဆီးရီးယားပြည်တွင်းစစ် စောင့်ကြည့်ရေးအဖွဲ့တဖွဲ့က ဇွန်လ ၂၁ ရက်နေ့က ပြောဆိုပါတယ်။
လောလောဆယ်တော့ ဒီ ပါမိုင်ရာမြို့ကို ဖောက်ခွဲဖျက်ဆီးတာ မလုပ်သေးပေမယ့် ဒီရှေးဟောင်းအမွေအနှစ်တွေကို ဖောက်ခွဲဖျက်စီးဖို့လား၊ ဒါမှမဟုတ် ဆီးရီးယားစစ်တပ်ရဲ့ ထိုးစစ်ကို ပြန်ပြီးဟန့်တားဖို့ မြှုပ်နှံတာလားဆိုတာ မရှင်းလင်းသေးပါဘူး။ ဗုံးတွေ၊ မိုင်းတွေကို ဇွန်လ ၂၁ ရက်နေ့က မြှုပ်နှံခဲ့တာလို့ ဆီးရီးယားလူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။
လူဦးရေ ၅ သောင်း နေထိုင်တဲ့ ပါမိုင်ရာမြို့ဟာ အရှေ့အလယ်ပိုင်းမှာ တန်ဖိုးအကြီးဆုံး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အများအပြားပိုင်ဆိုင်တဲ့ ရှေးဟောင်းမြို့တမြို့ဖြစ်ပြီး ပြီးခဲ့တဲ့မေလက အိုင်အက်စ်တပ်ဖွဲ့ရဲ့ သိမ်းပိုက်ခံရတာပါ။
မကြာခင်ကလည်း အီရတ်နိုင်ငံမှာရှိတဲ့ ဂရိရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့ တမြို့ဖြစ်တဲ့ နင်မ်ရုဒ် ပါမိုင်ရာမြို့ကို အိုင်အက်စ်အစွန်းရောက်တွေက ဗုံးခွဲဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
အခုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော် ရောမခေတ်ယဉ်ကျေးမှု အမွေအနှစ်တွေ အများအပြားကျန်ရှိတဲ့ ပါမိုင်ရာရှေးဟောင်းမြို့ကိုလည်း အစ္စလာမ်ဘာသာနဲ့ ဆန့်ကျင်တယ်ဆိုပြီး ဗုံးခွဲဖျက်ဆီးမှာကို စိုးရိမ်နေကြပါတယ်။ I
