Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဂျပန် ပါဝင်ကူညီမည်
DVB
·
June 22, 2015
20150620_myanmar_article_main_image
အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် မြန်မာနိုင်ငံတောင်ပိုင်းက စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရက ပါဝင်ကူညီမယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Nikkei သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီစီမံကိန်းဟာ ဂျပန်ကုမ္ပဏီတွေအနေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးနိုင်မှာ ဖြစ်သလို မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာသမ္မတ ဦးသိန်းစိန်၊ ထိုင်းကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ပရာယုချန်အိုချာတို့နဲ့ လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ တိုကျိုမြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ၃ နိုင်ငံခေါင်းဆောင်တွေဟာ ဂျပန်စီးပွားရေးကော်ပိုရေးရှင်းတွေနဲ့ သဘောတူညီမှုတရပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီ အထူးစီးပွားရေးဇုန် စီမံကိန်းမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို အကျိုးတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ဖို့ ဂျပန်အစိုးရက ဖိတ်ခေါ်ခဲ့တာပါ။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ အဝေးပြေးလမ်းဟာ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေအထိ အပြန်အလှန်ကုန်သွယ်မှု ရှိလာစေမှာ ဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ဘန်ကောက်မြို့ အနောက်ဘက် ၃၀၀ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။ စက်မှုဇုန် ဧရိယာအကျယ်ဟာ ပြီးသွားမယ့်အချိန်မှာ ၂၀၀ စတုရန်း ကီလိုမီတာ ရှိပါတယ်။ စီမံကိန်းချထားတဲ့ စက်မှုဇုန်စီမံကိန်း ဧရိယာဟာ သီလ၀ါအထူးစီးပွားရေးဇုန်ထက် ၈ ဆ ပိုကြီးပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်မြို့ဧရိယာနီးပါးရှိပါတယ်။ “ဒီစီမံကိန်းဟာ အရှေ့တောင်အာရှရဲ့အကြီးမားဆုံး စက်မှုဇုန်တခုဖြစ်လာမှာပါ။” လို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024