ထိုင်းနိုင်ငံတွင် မားစ်ရောဂါ ထပ်မံကူးစက်သူ မရှိဟု ကျန်းမာရေးဝန်ကြီးပြော

ဓာတ်ပုံ - ရိုက်တာ
4.3K
ထိုင်းနိုင်ငံမှာ မားစ်ရောဂါ ကူးစက်သူ ထပ်မတိုးသေးဘူးလို့ ထိုင်းကျန်းမာရေးဝန်ကြီးက ဇွန် ၂၁ ရက်နေ့က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသကတဆင့် ကူးစက် ပြန့်ပွားလာတဲ့ မားစ်ရောဂါ ကူးစက်သူ တဦးကို ထိုင်းနိုင်ငံမှာ အရင်တပတ်က စတင်တွေ့ရှိခဲ့ရပြီး ၁၇၅ ယောက်ကို သံသယနဲ့ စောင့်ကြည့်နေပါတယ်။
အသက် ၇၅ နှစ်အရွယ် အိုမန်နိုင်ငံက အမျိုးသားတယောက်ဟာ ထိုင်းနိုင်ငံမှာ နှလုံးရောဂါကုသဖို့ ရောက်လာချိန် မားစ်ရောဂါ ရှိနေတာကို တွေ့ရှိခဲ့ရတာပါ။
ဘမ်ရက်စနာ ဒူရာ ဆေးရုံမှာ တခန်းစီခွဲပြီး စောင့်ကြည့်နေတဲ့ အဲဒီအမျိုးသားရဲ့ ဆွေမျိုး ၃ ယောက်ကိုလည်း ရောဂါလက္ခဏာတွေ မတွေ့ရသလို ထိုင်းနိုင်ငံက တခြားဒေသတွေမှာလည်း ရောဂါကူးတာ မရှိဘူးလို့ ထိုင်းကျန်းမာရေးဝန်ကြီးက သုဝဏ္ဏဘူမိ လေဆိပ်မှာ ရှင်းပြပါတယ်။
ရောဂါသည် အမျိုးသားကလည်း အခြေအနေ တိုးတက်လာတယ်၊ အဖျားမရှိဘဲ နှလုံးနဲ့ အဆုတ်လည်း ပုံမှန် အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။
ဇွန် ၂၀ ရက်နေ့ကလည်း ထိုင်းကျန်းမာရေး ၀န်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်ရာမှာ ရောဂါဖြစ်နိုင်တယ်ဆိုတဲ့ သံသယနဲ့ စောင့်ကြည့်နေတဲ့ လူ ၁၇၅ ယောက်နဲ့ အဆက်မသွယ် မပြတ်ရှိနေပြီး သူတို့ကို လူစုလူဝေး နေရာတွေကို မသွားဖို့ ညွှန်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။