A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ခံရသူ ၃ ယောက်ထပ်တိုး

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသက အသက်ရှူလမ်းကြောင်းရောဂါ (မားစ်) ကူးစက်ခံရသူ နောက်ထပ် ၃ ယောက် ရှိခဲ့တယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိအချိန်အထိ ရောဂါကူးစက်မှုအားလုံး ၁၆၉ မှု ရှိသွားပြီး မားစ်ရောဂါ စတင်ဖြစ်ပေါ်ရာ ဆော်ဒီအာရေဗျနိုင်ငံနောက် ဒုတိယကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဇွန် ၂၁ ရက်နေ့က မားစ်ရောဂါနဲ့ နောက်ထပ် သေဆုံးသူ ၁ ဦးရှိခဲ့ပြီး သေဆုံးသူအားလုံး ၂၅ ယောက် ရှိသွားပြီလို့ တောင်ကိုရီးယား ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဌာန ညွှန်ကြားရေးမှူးက သတင်းထုတ်ပြန်ပါတယ်။ “ကူးစက်မှုအားလုံး ၁၆၉ မှုမှာ ၁၀၁ ယောက်က လက်ရှိ ဆေးကုသမှု ခံယူနေတယ်။ ဆေးရုံကဆင်းသွားသူ အားလုံး ၄၃ ယောက်နဲ့ သေဆုံးသွားသူအားလုံး ၂၅ ယောက် ရှိပါတယ်။ ဒီနေ့တော့ ကူးစက်မှု ၃ မှုရှိတယ်။ ၇ ဦး ဆေးရုံက ဆင်းသွားရပြီး ၁ ဦးကတော့ မားစ်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။” တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါကို ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က စတင်တွေ့ရှိခဲ့တာပါ။ ဇွန် ၁၉ ရက်နေ့က ရောဂါကူးစက်မှု ၁ မှုပဲ ရှိခဲ့လို့ ကူးစက်မှု အရှိန်သတ်သွားပုံရတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ကြေညာခဲ့တာပါ။ ဒီမားစ်ရောဂါဟာ ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါနဲ့ မျိုးစိတ်တခုတည်းဖြစ်ပြီး ၂၀၁၂ ခုနှစ်က ရောဂါစတင် ဖြစ်ပွားခဲ့တဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ရောဂါကူးစက်မှုပေါင်း အယောက် ၁၀၀၀ ကျော်မှာ ၄၅၄ ယောက် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up