ကိုပါအမေရိကားဖလား ဘရာဇီး အုပ်စုဗိုလ်အဖြစ် ကွာတားတက်

ဓာတ်ပုံ - ca2015
ဇွန်လ ၂၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါအမေရိကား ၂၀၁၅ အုပ်စု စီ ပွဲစဉ်တွေမှာ ဘရာဇီးက ဗန်နီဇွဲလားကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုဗိုလ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ကိုလံဘီယာနဲ့ ပီရူးတို့ပွဲစဉ်ကတော့ ဂိုးမရှိသရေကျသွားခဲ့ပြီး ပီရူးက အုပ်စုဒုတိယ၊ ကိုလံဘီယာက အကောင်းဆုံး အုပ်စုတတိယအသင်းအဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ဘရာဇီးအသင်းခေါင်းဆောင် နာမည်ကျော် ကစားသမား နေမာဟာ ပြီးခဲ့တဲ့ ကိုလံဘီယာနဲ့ ပွဲစဉ်တုန်းက အနီကတ် ပြခံရတာကြောင့် လေးပွဲပယ်ခံရပြီး အခုပွဲမှာ မပါဝင်နိုင်သလို ပြိုင်ပွဲတခုလုံးကိုလည်း လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ အခုပွဲမှာ ဘရာဇီးအသင်းဟာ နေမာနေရာမှာ ဝါရင့်ကစားသမား ရော်ဘင်ဟိုကို ထည့်ကစားသွားပါတယ်။ ပွဲအစ ၉ မိနစ်မှာပဲ နောက်ခံလူ သီယာဂိုဆေးလ်ဗားက ထောင့်ကန်ဘောကတဆင့် အဖွင့်ဂိုး သွင်းယူပါတယ်။ ဘရာဇီးအသင်းဟာ တောက်လျှောက် ဖိကစားထားခဲ့ပြီး ၅၁ မိနစ်မှာ ဖာမီနိုက ထပ်မံသွင်းယူခဲ့ပြီး ဗန်နီဇွဲလားအသင်းအတွက် ချေပဂိုးကိုတော့ ၈၄ မိနစ်မှာ မီကူးက သွင်းယူခဲ့ပါတယ်။ ကိုပါအမေရိက ၂၀၁၅ ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေ အားလုံးပြီးဆုံးသွားပြီး ရှုံးထွက်အဆင့် ကွာတားဖိုင်နယ်မှာတော့ အိမ်ရှင် ချီလီက ဥရုဂွေး၊ ဘိုလစ်ဗီးယားက ပီရူး၊ အာဂျင်တီးနားက ကိုလံဘီယာ၊ ဘရာဇီးက ပါရာဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇွန်လ ၂၄ ရက်ကနေ  ၂၇ ရက်ထိ တရက်ကို တပွဲနှုန်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up