ရန်ကုန်မြို့ ကျောင်းမုန့်ဈေးတန်းများကို တစ်ပတ် နှစ်ကြိမ် ၀င်စစ်မည်
DVB
·
June 21, 2015
ဘေးကင်းစိတ်ချတဲ့ အစားအသောက်တွေ စားသုံးနိုင်ဖို့အတွက် ရန်ကုန်မြို့က ကျောင်းမုန့်ဈေးတန်းတွေမှာ တစ်ပတ် နှစ်ကြိမ် စစ်ဆေးတာတွေ၊ အသိပညာပေးတွေ လုပ်သွားမယ်လို့ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကျောင်းမုန့်ဈေးတန်းတွေက ဈေးရောင်းချသူတွေကို ဌာနအနေနဲ့ ကွင်းစစ်ဆေးတာတွေ၊ ပညာပေးဟောပြောတာတွေကို အခုရက်ပိုင်း စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ ကျောင်းတွေမှာလည်း စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကိုလည်း လုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပါတဲ့ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းထားတဲ့အတွက် စားသုံးသူတွေအနေနဲ့ အန္တရာယ်ရှိ အစားအသောက်တွေ တွေ့ရှိရင် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။