အမေရိကန်တွင် လူမျိုးရေးခွဲခြားမှု ဖြေရှင်းရန် အိုဘားမားတိုက်တွန်း

သမ္မတ အိုးဘားမား နဲ့မြို့တော်ဝန်တွေ အစည်းအဝေး ပြုလုပ်စဉ်
1.6K
အမေရိကန်တွင် လူမျိုးရေးခွဲခြားမှု ဖြေရှင်းရန် အိုဘားမားတိုက်တွန်း
အမေရိကန် ပြည်ထောင်စုမှာ လူမျိုးရေးအစွဲဟာ ရောဂါတခုလို ဖြစ်နေတာကို ဖြေရှင်းဖို့ လိုတယ်လို့ သမ္မတ အိုးဘားမားက မြို့တော်ဝန်တွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ဆန်ဖရန် စစ္စကိုမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ သမ္မတ အိုးဘားမားက အခုနောက်ဆုံး တောင်ကာရိုလိုင်းနားမှာ ဖြစ်သွားတဲ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မိသားစုတွေကို စာနာတဲ့အကြောင်း ပြောရုံနဲ့လည်း မလုံလောက်ဘူးလို့ ပြောပါတယ်။ဒီပြဿ နာရဲ့ ဇစ်မြစ်ကို ကိုင်တွယ် ဖြေရှင်းရမယ်လို့ ပြောပါတယ်။
“သေနတ်သမား လှုံ့ဆော်တဲ့ မြင်သာတဲ့အရာကိုကြည့်ရင် ကျနော်တို့ အားလုံးကို သတိပေးနေတာ ရှိပါတယ်။ ကျနော်တို့ဆီမှာ လူမျိုးရေးကိစ္စဟာ ရောဂါတခုလို ရှိနေတယ်။ ဒါကို အတူတကွ တိုက်ဖျက်ကြရမယ်။ အချိန်ကာလတခု အခြေအနေတရပ်ဟာ တိုင်းပြည်တပြည်ဟာ ပြန်သုံးသပ်ရမယ်။ စာနာပါတယ်လို့ ပြောနေရုံနဲ့ မလုံလောက်ပါဘူး” လို့ အိုဘားမားက ပြောပါတယ်။
လက်နက် ထိန်းချုပ်ရေးအစီအစဉ်တွေကိုလည်း တိုးမြှင့်ဖို့ လိုတယ်လို့ အိုဘားမားက ထောက်ပြပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေကို ထောက်ပြပြီး လက်နက်ထိန်းချုပ်ရေး အစီအစဉ်တွေကို လက်ဦးမှုရှိရှိ လုပ်ခဲ့ရင် နယူးတောင်းက မူလတန်းကျောင်းမှာ ကလေးတွေ အစုလိုက်အပြုံလိုက် သေရတဲ့ အဖြစ်အပျက်မျိုးကို တားဆီးနိုင်မယ်လို့ ပြောပါတယ်။
ဒါကြောင့် လက်နက်ထိန်းချုပ်ရေးအတွက် ဥပဒေပြုရေးကိစ္စကို လက်လျှော့မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
“ဒီကိစ္စဟာ လူ့အဖွဲ့အစည်း စုစည်းမှုကို ဖျက်စီးစေတယ်။ ငွေကုန်တယ်၊ အရင်းအမြစ်တွေ ပြုန်းတီးတယ်။ ဒီတိုင်းပြည်အတွက် အများကြီး ထိခိုက်စေတယ်” လို့ အိုဘားမားက ပြောပါတယ်။
ဒါကြောင့် ဒီကိစ္စကို အရေးကြီး ကိစ္စတခုလို သဘောထားပြီး လူထုအမြင်သဘောထားတွေကို ကောက်ယူဖို့ လိုအပ်ေ်နတယ်လို့ သမ္မတ အိုဘားမားက ဆော်သြလိုက်ပါတယ်။