ကျူးဘားတွင် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ရှိနေဆဲဟု လူ့အခွင့်အရေးအဖွဲ့ပြော

1.4K
ကျုးဘားမှာ နိုငံရေးအကျဉ်းသား မရှိတော့ဘူးလို့ အစိုးရက ပြောပေမ့ယ် တကယ်တော့ ၆၀ ထက်မနည်း ထောင်ထဲမှာ ရှိနေသေးတယ်လို့ ကျူးဘားရဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေးကော်မရှင်က ဇွန် ၁၉ ရက်နေ့က ပြောပါတယ်။
အစိုးရကတော့ ထောင်ထဲမှာရှိနေသူတွေဟာ လက်နက်ကိုင် တန်ပြန်တော်လှန်ရေး သမားတွေနဲ့ သာမန် ရာဇ၀တ်သားတွေသာဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံရေးအကျဉ်းသားတွေအဖြစ် မှားယွင်းသတ်မှတ်တာလို့ ဆိုပါတယ်။
ကျူးဘား လူ့အခွင့်အရေး ကော်မရှင်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအဖွဲ့ ဥက္ကဋ္ဌ အယ်လီဇာဒို ဆန်းချက်က ကျန်နေတဲ့ အကျဉ်းသားတချို့ဟာ အကြမးဖက်မှုတွေကို ပြုလုပ်ခဲ့တာ မှန်ပေမ့ယ် သူတို့ဟာ ရသင့်ရထိုက်တဲ့ ဥပဒေ အကာအကွယ်ကို မရခဲ့ဘဲ ပြစ်ဒဏ်တွေ မြင့်မြင့်မားမား ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
နိုင်ငံသား အကျဉ်းသား သတ်မှတ်ချက်အရ ၇၁ ယောက် ထောင်ထဲမှာ ကျန်နေပြီး ၈ ယောက်ကနေ ၁၀ ယောက်လောက်ဟာ လက်နက်ကိုင်ဆောင်ခဲ့သူတွေ ဖြစ်တာလည်း မှန်ကန်တယ်လို့ ဆိုပါတယ်။
ကျူးဘားမှာ လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ လောက်က နိုင်ငံရေးအကျဥ်းသား ၁ သောင်းခွဲလောက် အထိ ရှိခဲ့ဖူးလို့ အခုအချိန်နဲ့ နှိုင်းယှဉ်ရင် အများကြီးလျော့ကျသွားတယ်ဆိုတာကိုလည်း လက်ခံတယ်လို့ ပြောပါတယ်။
ဒါပေမ့ယ် အခု ထောင်ထဲမှာကျန်နေသူတွေထဲမှာ ၂ ဒါဇင်လလောက်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြလို့ အဖမ်းခံရသူတွေ ဖြစ်ပြီး၊ အကြီးဆုံး အတိုက်အခံဖြစ်တဲ့ မျိုးချစ် ကျူးဘားအဖွဲ့ဝင်တွေနဲ့ ပန်းချီဆရာ ဒန်နီလို မော်ဒို နာဒိုလည်း ထောင်ထဲမှာ ကျန်နေသေးတယ်လို့ဆိုပါတယ်။
မနှစ်က ကျူးဘားအစိုးရနဲ့ အမေရိကန် အစိုးရတို့ လျှို့ဝှက် ညှိနှိုင်းခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသား ၅၃ ယောက်ကို ပြန်လွှတ်ပေးပြီးတဲ့နောက်ပိုင်း ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စနဲ့ပတ်သက်လို့ ကော်မရှင်ရဲ့ အခု အစီရင်ခံစာဟာ ပထမဆုံးဖြစ်ပါတယ်။