သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၃၇ ဦး ရှိပြီ
DVB
·
June 20, 2015
အခုနှစ်ဆန်းပိုင်းကနေ ဇွန်လ ၁၇ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၃၇ ယောက်၊ ရောဂါဖြစ်ပွားသူ ၈၅၀၀ လောက်ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။
နေပြည်တော်မှာ ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
အခုနှစ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းဟာ အရင်နှစ်ကထက် ၂ ဆ ပိုဖြစ်ပွားနေတယ်လို့လည်း ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားနေတဲ့ ပြည်နယ်တိုင်း ၃ ခုက မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့ဖြစ်ပြီး လူထုအနေနဲ့ ပိုပြီး သတိထားကြဖို့ ကျန်းမာရေးဝန်ကြီးက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ မူကြိုကျောင်းသားအရွယ်မှ အထက်တန်း ကျောင်းသားအရွယ်အတွင်း အများဆုံးဖြစ်တဲ့အတွက် ကလေးငယ်တွေ ခြင်ကိုက် မခံရအောင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ခြင်ကျား၊ လောက်လန်း ကင်းစင်ရေးကို အထူးဦးစားပေးဆောင်ရွက်ကြဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။
ဒါ့အပြင် ခြင်ကျားကိုက်တတ်တဲ့ နေ့အချိန်မှာ ကလေးငယ်တွေ စုဝေးပညာ သင်နေရတာကြာင့် ရောဂါတွေ အမြန်ကူးစက်နိုင်တယ်၊ ဖျားနေတဲ့ ကလေးငယ်တွေ ရှိ၊ မရှိ စောင့်ကြပ်လေ့လာပြီး အမြန်ဆုံးဆေးကုသမှု ခံယူတာဟာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှု လျော့ကျရေးကို အများကြီး အထောက်အကူဖြစ်နိုင်တယ်လို့ ပြောပါတယ်။