A d v e r t i s e m e n t With Us

ရဲလက်မှ မူးယစ်တရားခံ လုပြေးသူ ၂ ဦး ဖမ်းဆီးရမိ

တောင်ကြီးတွင် ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရေးများ ပြုလုပ်နေစဉ် (ဓာတ်ပုံ - Mohd Zo Bai)
ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်း  ဇွန်လလယ်ပိုင်းက မူးယစ်တရားခံတဦးကို ရဲအချုပ်ကားပေါ်ကနေ လုယူထွက်ပြေးသူ ၄ ဦးအနက် ၂ ဦး ဖမ်းဆီးရမိပြီလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ မနှစ်က လွိုင်ကော်-ရန်ကုန်သွား ခရီးသည်တင်ကားတစီးပေါ်မှာ စိတ်ကြွဆေးပြားအလုံးရေ ၂ ထောင်ခန့်  သယ်ဆောင်လာတဲ့ အသက် ၂၃ နှစ်အရွယ် ခွန်နန်းကို ဖမ်းဆီးရမိပြီး တရားစွဲဆိုစစ်ဆေးနေရာမှာ ဇွန်လ ၁၅ ရက်နေ့ ရုံးထုတ်က အပြန် လုယက်ခေါ်ဆောင်သွားကြတာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေက သူတို့ဟာ လက်နက်ကိုင်အဖွဲ့အစည်းကမဟုတ်ဘဲ ကယားပြည်နယ်  ဒီမောဆိုမြို့က ကယန်းလူမျိုး အရပ်သားတွေဖြစ်ကြောင်း ထွက်ဆိုကြတယ်လို့ ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ ပထမတန်း ဒု-ရဲမှူးကြီး စန်းလွင်က ပြောပါတယ်။ “လုယူခံရတဲ့ အဓိက တရားခံကိုတော့ မမိသေးပါဘူး။ ဒါပေမယ့် သူ့ကို လုယက်သွားတဲ့ လူ ၄ ဦးထဲက ၂ ယောက်ကို ဖမ်းမိထားတာတော့ ရှိတာပေါ့လေ။  ၁၅ ရက်နေ့ညကစပြီး ကျနော်တို့ တောင်ကြီးမြို့ပေါ် တက်လာတဲ့ ကားတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးရေးတွေလုပ်တာ ၁၆ ရက်နေ့ မနက် ၁ နာရီလောက်ကျတော့ လုယက်စဉ်က အသုံးပြုတဲ့ ကားက အောင်ပန်း ဘက်ကနေ  တောင်ကြီးကို ပြန်တက်လာတယ်။ ကျနော်တို့က စစ်ဆေးဖို့တားတော့ သူတို့က နောက်ပြန်လှည့်ပြီး ထွက်ပြေးဖို့ကြိုးစားတယ်။ အဲဒီခါမှာ ကားက မြောင်းထဲကို ကျွံကျပြီး လူက ထွက်ပြေးသွားတယ်။ အဲဒီအနီးနား ခြုံထဲမှာပုန်းနေတဲ့ တယောက်ကို ဖမ်းမိတယ်။ နာမည်က ခွန်ချစ်မောင် အသက် ၄၁ နှစ် နောက်တယောက်က ပေါလုလို့ခေါ်တယ်။ သူကလွတ်သွားတယ်။ ခွန်ချစ်မောင်ကို စစ်ကြောရေးလုပ်ပြီး နာမည်တွေပြောပြတော့ ဇွန်လ ၁၈ ရက် မနက်စောစော ၄ နာရီလောက်က သူတို့အဖွဲ့ထဲက နောက်တယောက်ဖြစ်တဲ့ မောင်နန်းဆိုသူကို ဒီမောဆိုမြို့ လုံပူကျေးရွာမှာ သွားဖမ်းခဲ့ပါတယ်။” ဖမ်းမိသူ ၂ ဦးကို ပြစ်မှုဆိုင်ရာဥပဒေနဲ့ အမှုဖွင့်စစ်ဆေးဆဲဖြစ်ပြီး စွဲချက်မတင်ရသေး ဘူးလို့ ဆိုပါတယ်။ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှတ်တမ်းမှာ ရဲလက်ကနေ တရားခံကို လုယက်သွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့  ဒု-ရဲမှူးကြီးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up