တိုယိုတာ ကားကုမ္ပဏီအကြီးအကဲ မူးယစ်ဆေးဝါး သံသယဖြင့် ဖမ်းဆီးခံရ

တိုယိုတာ မော်တော်ကားကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေးဌာန အကြီးအကဲ အမေရိကန်အမျိုးသမီးကို ဂျပန်နိုင်ငံရဲ့ မူးယစ်ဆေးဝါးဥပဒေ ချိုးဖောက်မှုသံသယနဲ့ ဇွန် ၁၉ ရက် နေ့က ဖမ်းဆီးလိုက်ပါတယ်။
ကုမ္ပဏီရဲ့ ပထမဆုံး အမျိုးသမီးအဆင့်မြင့်အရာရှိဖြစ်သူ ဂျူလီဟမ့်ပ်ဟာ အမေရိကန်ပြည်ထောင်စု စာတိုက်ကနေတဆင့် တိုကျိုရဲ့ နာရီတာလေဆိပ်ကို အကိုက်အခဲပျောက်ဆေး အောက်ဆီကိုဒုံးကို ပေးပို့ရောက်ရှိလာပြီးနောက် အဖမ်းခံလိုက်ရတာလို့ တိုကျိုရဲတပ်ဖွဲ့က ပြောပါတယ်။
ဂျူလီဟမ့်ပ်ကတော့ တရားမ၀င်ပစ္စည်းကို တင်သွင်းတယ်လို့ မထင်ကြောင်း ပြောဆိုတယ်လို့ တိုကျိုမြို့တော် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောဆိုပါတယ်။
တိုယိုတာကုမ္ပဏီဥက္ကဋ္ဌ အာကီယို တိုယိုဒါကတော့ အဖမ်းခံရမှုနဲ့ပတ်သက်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အကိုက်အခဲပျောက်ဆေး အောက်ဆီကိုဒုံးဟာ အမေရိကန်ပြည်ထောင်စုမှာတော့ ဆေးပညာရှင်ရဲ့ ညွှန်ကြားချက်နဲ့သာ ၀ယ်ယူခွင့်ရှိတဲ့ ဆေးဝါးဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ အထူးသတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကသာ ဒီဆေးကို တင်သွင်းခွင့်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ဂျူလီဟမ့်ပ်ဟာ ဧပြီလကမှ ကားကုမ္ပဏီရဲ့ ဆက်သွယ်ရေးအရာရှိ အကြီးအကဲအဖြစ် ခန့်အပ်ခံရတဲ့ ပထမဆုံး အမျိုးသမီး ၀န်ထမ်းလည်းဖြစ်ပါတယ်။