A d v e r t i s e m e n t With Us

လှေစီးဒုက္ခသည် ၃၇ ဦး ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေး

ဓာတ်ပုံ - MOI
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုမြို့မှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည် ၃၇ ဦးကို ဒီကနေ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်လွှဲပြောင်းလိုက်ပြီလို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။ ဇွန် ၁၉ ရက် မနက် ၁၁ နာရီမှာ လွှဲပြောင်းလိုက်တာဖြစ်ပြီး ကျန်သူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က စိစစ်မှုလုပ်ဆောင်တာ စောင့်ဆိုင်းနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။ “ဒီနေ့ ၁၁ နာရီမှာ ၃၇ ယောက်ကို လွှဲလိုက်ပါပြီ။ ကျန်တဲ့သူတွေကတော့ စောင့်နေတယ်လေ။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီးတော့ သူတို့ စိစစ်နေတာ မပြီးသေးဘူး။ စိစစ်လို့ရပြီဆိုရင် နာမည်စာရင်းနဲ့ အကြောင်းကြားတယ်။ အဲဒီအခါကျတော့ ကျနော်တို့က လွှဲပေးတယ်။” လှေစီးဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်ကို ဇွန်လ ၈ ရက်နေ့က လွှဲပြောင်းတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ လွှဲပြောင်းပေးခဲ့ပါတယ်။ မေ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီး ပင်လယ်ပြင်မှာ လူ ၂၀၈ ဦး လိုက်ပါလာတဲ့ စက်လှေတစင်းကို မြန်မာရေတပ်က တွေ့ရှိကယ်ဆယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် စိစစ်တွေ့ရှိခဲ့အတွက် နှစ်နိုင်ငံညှိနှိုင်းသဘောတူပြီး ပြန်လည်လွှဲပြောင်းတာ ဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့တုန်းကလည်း  ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းက မြန်မာ့ပင်လယ်ပြင်မှာ  လှေစီးဒုက္ခသည် ၇၀၀ ကျော် လိုက်ပါလာတဲ့ ငါးဖမ်းလှေတစီးကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့ပါတယ်။ အဲဒီလှေစီးဒုက္ခသည်တွေကို မြန်မာဘက်က စိစစ်မှုတွေပြုလုပ်ပြီး ၁၈၀ ကျော်ဟာ မြန်မာနိုင်ငံဘက်က ဘင်္ဂါလီတွေဖြစ်တဲ့အတွက် သူတို့နေထိုင်ရာရွာတွေကို ပို့ဆောင်ပြီးဖြစ်တယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူက ပြောပါတယ်။ ကျန်သူတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်တဲ့အတွက် ညှိနှိုင်းပို့ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up