A d v e r t i s e m e n t With Us

ကျွန်တော်နှင့် သုခုမကြောင်းရာများ

ဆရာသိန်းဖေမြင့်ရဲ့ “ကျွန်တော်၏ အချစ်ဦး” စာအုပ်က မမေ့နိုင်သော အရပ်ဇာတ်များအခန်းမှာ ဘုတလင်မြို့ရဲ့အရှေ့ဘက် နှစ်တိုင်ခရီး ရှိတဲ့ သဖန်းရွာအထိသွားပြီး အရပ်ဇာတ်ကြည့်ခဲ့ရတဲ့အကြောင်း စီကာပတ်ကုံး ရေးခဲ့ပါတယ်။ သဖန်းရွာအရပ်ဇာတ်က သဖန်းရွာသား လူပြက်တစ်ယောက်ရဲ့ ပြက်လုံးကို သဘောကျလွန်းလို မှတ်မိနေတဲ့အကြောင်း တခုတ်တရ ရေးထားတာပါ။ ပြက်လုံးက အနေအထိုင် အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လိုအိမ်ကြီးနဲ့နေမယ်။ အဲဒီ အိမ်ကြီးတိုက်ကြီးထဲမှာ ဆင်စွယ်ကုလားထိုင်ကြီးနှင့် ထိုင်မယ်တဲ့။ ဒါနဲ့ အဲဒီအိမ်ကြီး တိုက်ကြီးထဲက ဆင်စွယ်ကုလားထိုင်ကြီးပေါ် ထိုင်ပြီး ဘာစားမလဲမေးတော့ နှမ်းဖတ်ခဲနဲ့ ထန်းလျက်ကို တစ်လှည့်စီ ကိုက်စားနေမယ်လို့ ပြက်တဲ့ပြက်လုံး။ ဆရာ သိန်းဖေမြင့်က သူရော ပရိသတ်ရော အူလှိုက်သည်းလှိုက်ရယ်ခဲ့ရတာတဲ့။ ကျွန်တော်လည်း ဆရာသိန်းဖေမြင့်ရဲ့ “ကျွန်တော်၏ အချစ်ဦး” စာအုပ်ကို ဖတ်ဖူးကတည်းက ဒီအကြောင်းအရာလေးကို မှတ်မိနေရုံမက မကြာမကြာ ခဏခဏ ပြန်ဖတ်နေမိတယ်။ ဘုတလင်အရှေ့ဘက် နှစ်တိုင်ခရီးအကွာက သဖန်းရွာဆိုတာ ကျွန်တော့်မိဘများ ချက်မြှုပ်ကြီးပြင်းရာ ရွာပေပဲ။ ပိုပြီး အမှတ်တရဖြစ်စေတာက တိုက်အိမ်ကြီးထဲ ဆင်စွယ်ကုလားထိုင်နဲ့ ထိုင်ပြီး နှမ်းဖတ်ခဲနဲ့ ထန်းညက်တစ်လှည့်စီ ကိုက်စားမယ်လို့ ပြက်လုံးထုတ်တဲ့ အရပ်ဇာတ်လူပြက်ဟာ ကျွန်တော့်အဘိုးဖြစ်နေလို့ပါပဲ။ (ဒီအကြောင်းတွေကို “လွမ်းဆွတ်တသ မန္တလေးည” များ ခေါင်းစဉ်နဲ့ ရနံ့သစ်မှာ အခန်းဆက်ရေးဖြစ်နေပါတယ်။) 11416177_922659057772638_4133054681145916020_nနောက် ကျွန်တော့်ဖခင် ကိုယ်၌ကလည်း ရွာက အရပ်ဇာတ်ရဲ့ ဇာတ်စီး၊ ဇာတ်စာရေးဆရာ အပျော်တမ်း လုပ်ခဲ့ဖူးသူပါ။ အဲဒီ သဖန်းရွာ ဆိုတာကလည်း ရွာကလေး ထန်းသီးမှုတ်လောက်မှာ အရပ်ဇာတ်က (၂)ဇာတ်ရှိခဲ့လေတော့ တစ်ရွာလုံး ဇာတ်မကဖူးသူမရှိသလောက်ပါပဲ။ ရေကြည်ရာ မြက်နုရာဆိုသလို ဒီရွာကလေးကနေ မုံရွာ၊ မန္တလး၊ ရန်ကုန်ရောက်ကြပြီး အခြေချခဲ့ကြတော့ ရွာကတည်းက သန္ဓေတည်မွေးဖွားခဲ့ကြတဲ့ “ဇာတ်ပိုး” က ရောက်ရာအရပ်မှာ ပိုလို့ ကြီးထွားခဲ့ကြတာပေါ့။ အထူးသဖြင့် ရေခံမြေခံအရ သဘင်မှုယဉ်ကျေးမှု သုခုမပညာရပ်တွေ ထွန်းကားတဲ့ မန္တလေးကို ရောက်ရှိအခြေချခဲ့ကြသူများမှာ အတိုင်းအထက်အလွန် ဖြစ်ခဲ့ကြပါတယ်။ မန္တလေးက နေထိုင်ရာအရပ်မှာ အရပ်တီးဝိုင်းလေးတွေ ဖွဲ့ဖြစ်ကြတယ်။ သက်ဆိုင်ရာ ဘုရား၊ ဓမ္မာရုံပွဲတွေမှာ အဆင်ပြေရင် ပြေသလို အရပ်ဇာတ်တွေ ကဖြစ်ခဲ့ကြတယ်။ ဒီတော့ မန္တလေးမှာ ရောက်ရှိပြီးနောက် မွေးဖွား လာခဲ့တဲ့ ကျွန်တော့်အစ်မများ၊ အဒေါ်များ၊ အစ်ကိုများ၊ ဦးလေးများဆိုရင်လည်း သီဖူ၊ ဆိုဖူး၊ ကဖူး၊ ခုန်ဖူး၊ တီးဖူး၊ မှုတ်ဖူးသူချည်းပါ။ ကနဦးပြောခဲ့သလိုပါပဲ။ အဲဒီအချိန် အဲဒီကာလက မန္တလေးမှာ သဘင်မှုအနုပညာ အထွန်းကားဆုံးအချိန် မဟုတ်ပါလား။ အငြိမ့်အဖွဲ့ပေါင်း ကလည်း ငါးဆယ်နီးပါး ရှိတယ်။ ဆိုင်းအဖွဲ့တွေ “ရာချီ”ရှိတယ်။ အနောက်တိုင်း တူရိယာတွေနဲ့ တီးမှုတ်တဲ့ ခေတ်ပေါ်တူရိယာဝိုင်းတွေကိုက ရှစ်ဖွဲ့ ကိုးဖွဲ့ ရှိတယ်။ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ ဦးရင်လေး၊ ဆရာညှာ၊ ဆရာထာ၊ ဦးဘသိန်း၊ ဦးသက်တင်စတဲ့ သီချင်းရေးဆရာကြီးတွေရဲ့ သီချင်း ပေါင်းများစွာလည်း ဟောတစ်ပုဒ် ဟောတစ်ပုဒ် ထွက်နေတယ်။ ဒီသီချင်းတွေကို အငြိမ့်တွေ၊ ဇာတ်တွေ၊ ဆိုင်းတွေ၊ တီးဝိုင်းတွေက တီးမှုတ်ဆိုကြတယ်။ အဲလိုသီဆိုတဲ့ သီချင်းသစ်တွေဟာ တစ်ပတ်အတွင်း ရပ်ကွက်တီးဝိုင်းလေးတွေဆီမှာ ကျေကျေညက်ညက် သီဆိုင်နိုင်ကြပြီလေ။ ကျွန်တော်မွေးတော့ နန်းတော်ရှေ့ဆရာတင်မရှိတော့ပါဘူး။ ဆရာမြို့မငြိမ်း မရှိတော့ပါဘူး။ ဒါပေမယ့် ဒီဆရာကြီးတွေရဲ့ သီချင်းတွေကို ကျွန်တော့်အိမ်ဘေးက ဦးလေးအိမ်မှာ တီးလုံးတိုက်တဲ့ အရပ်တီးဝိုင်းလေးဆီကနေ မွေးကတည်းကကြားနေရတယ် ဆိုပါစို့ရဲ့။ မေဃ၀တီ တောင်သမန်တိုက် ထဲရှိတဲ့ ရပ်ရွာက ကိုးကွယ်တဲ့ကျောင်းမှာ အလှူအတန်းပွဲလမ်းရှိတိုင်း တီးမှုတ်နေတဲ့ကြားမှာ ကြီးပြင်းခဲ့ရပါတယ်။ 11249471_922658894439321_5846072263856014564_n“ငွေစမ်းရောင် မြူးယှက်ကူးနေ ကြည်နူးအေးမြ သီတာရေ အေးမြသီတာရေ” ဆိုတဲ့ ထပ်တစ်ရာလမ်းသီချင်းဟာ ရပ်ကွက်တီးဝိုင်းကလေးက အမြဲတီးမှုတ်နေတော့ ငယ်ငယ်ကတည်းက ရနေပါပြီ။ “အဲဒီသီချင်းက ဆရာမြို့မငြိမ်းရေးစပ်ခဲ့တာလေ” ဆိုတာ အဲဒီကတည်းကသိနေပါပြီ။ ဘာလို့သိတာလဲဆိုတော့ ကျွန်တော်နေတဲ့ ဒေါင်းရိုးရပ်ကွက်အရှေ့ထိပ်မှာက မြို့မဦးရင်လေးရဲ့အိမ်ရှိတယ်လေ။ မြို့မက ဦးရင်လေးအိမ်မှာ စတည်းချနေချိန် ဦးရင်လေးအိမ်မှာ တီးလုံးတိုက်နေချိန် ကျွန်တော်တို့ကလေးတွေက တီးလုံးတိုက်နေရင် စန္ဒရားခုံနားအထိ တိုးပြီးကြည့်ရမှကျေနပ်မှာ၊ ရပ်ကွက်တီးဝိုင်းကလေးမှာ အပျော်တမ်း တီးမှုတ်ကြတဲ့ အစ်ကိုတွေ၊ ဦးလေးတွေဆိုတာလည်း သီချင်းတစ်ပုဒ်တီးလုံးတစ်ပုဒ်ရဖို့ ခုန မြို့မအသင်းလို တီးလုံးတိုက်နေရာမျိုးမှာ အထဲထဲဝင်နားထောင် မှတ်သားခဲ့ကြတဲ့အပြင် အသင်းသားတွေနဲ့ကို လက်ဖက်ရည်ဆိုင်မှာ တစ်စားပွဲတည်းထိုင်ပြီး ပြောကြဆိုကြတော့ ၀ါသနာအရင်းခံအရ အစ်ကိုများ၊ ဦးလေးများနဲ့ ကလေးတန်မယ့် လက်ဖက်ရည်ဆိုင်လိုက်ထိုင်ပြီး နားထောင်ရတာကလည်း တကယ့်အရသာကိုး ဆရာရဲ့။ အဲလိုနည်းနဲ့ သီချင်းတွေကြားဖူး ခဲ့ရတာ။ ရဖူးခဲ့တာ။ သီချင်းဗျုပ္ပတ်နဲ့ ဂီတ ဗဟုသုတတချို့သိရှိခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော့်ညံ့ဖျင်းချက်က ငယ်ငယ်ကကြားဖူးခဲ့သမျှ အချက် အလက်တွေကို အကုန်စင် မှတ်သားရေးချွတ်ထားခြင်းမရှိလေတော့ စွမ်းသလောက် မှတ်ဉာဏ်လေးနဲ့ပဲ ပြန်ပြီး အစဖော်နေရတော့ မှတ်မိတာလည်းရှိ မမှတ်မိတာလည်း ရှိပေါ့။ ပိုပြီးညံ့ဖျင်းတာက ငယ်ငယ်ကတည်းက တီးဝိုင်းကြားကြီးပြင်း၊ အိမ်မှာတီးဝိုင်းပစ္စည်းတွေ အမြဲထားလို့ တယော၊ မယ်ဒလင်၊ ပတ္တလားမှသည် ကလယ်ရီနက်၊ ထရန်းပက်၊ ဆိုက်ဆိုဖုန်းဆိုတာတွေကို ထိတွေ့ကိုင်တွယ်နေရသော်လည်း ဘယ်တူရိယာကိုမှ မတီးတတ်၊ မမှုတ်တတ်ခြင်းပါ။ အလားတူပါပဲ အိမ်မှာအစ်ကိုများက ဂီတသင်္ကေတတွေကို သင်ကြားကြ တတ်မြောက်ပြီးသူက ပြန်လည်ပို့ချကြတာ အမြဲကြားနေမြင်နေရပေမယ့် ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ ဆိုတဲ့ သံစဉ်ကိုပါးစပ်က မဖြစ်စလောက် ရွတ်ပြတတ်ရုံကလွဲလို့ ဂီတသင်္ကေတတွေကို ပဲပင်ပေါက်ကလေးတွေလောက်ပဲ သိခဲ့တာပါ။ ကျွဲပါးစောင်းတီးဆိုသလိုပါပဲ။ အဲလို ရပ်ကွက်တီးဝိုင်းလေး၊ အရပ်ဇာတ်လေးတွေကတဆင့် ဂီတနဲ့ သုခုမပညာနဲ့ထိတွေ့ပြီး ထဲထဲဝင်ဝင်လိုက်စားသွားကြလို့ ကျွန်တော့်အစ်ကို အချို့၊ ဦးလေးအချို့ဟာ မန္တလေးက နုယဉ်တီးဝိုင်းလို၊ ဂီတလုလင်တီးဝိုင်းလို၊ သီရိမွန်လို တီးဝိုင်းမျိုးတွေမှာ “ပလေယာ” တွေဖြစ်ကုန်တယ်။ အဲ ထူးခြားတာကတော့ ကျွန်တော့်အထက်က ကျွန်တော့်အစ်မဟာ မန္တလေးပန်တျာကျောင်းကို တက်ရောက်ပြီး ဆရာမကြီးဒေါ်သြဘာသောင်းရဲ့ အားအကိုးရဆုံးလက်ရင်းတပည့်တစ်ယောက်ဖြစ်သွားကာ ဆရာမကြီးက ၃၁ လမ်းရှိ သူ့တိုက်မှာပဲခေါ်ယူထားပြီး ပညာကုန်ပေးခံခဲ့ရသူတစ်ယောက် ဖြစ်သွားခြင်းပါပဲ။ အစ်မက ဆရာမကြီးဆီမှာနေတော့ ဆရာမကြီးနဲ့ ကျွန်တော့်မိဘများနဲ့ ညစဉ်တွေ့ဖြစ်ကြပြီး ဆရာမကြီးဆီကတစ်ဆင့် မန္တလေးအငြိမ့် အကြောင်းတွေသာမက သုခုမပညာနဲ့ပတ်သက်တဲ့ ထွေရာလေးပါးစကားတွေအမြဲကြားနာခဲ့ရပါတယ်။ ဆိုခဲ့သလိုပါပဲ ကျွန်တော့်ညံ့ဖျင်းမှုကြောင့် မှတ်တမ်းမှတ်ရာမရှိခဲ့ပါဘူး။ 11402691_922659174439293_4098709539509797849_o၁၃၂၆ ခုနှစ်သင်္ကြန်က မန္တလေးမှာ စည်စည်ကားကား ကျင်းပခဲ့တာကိုး။ မြို့ထဲရပ်ကွက်အနှံ့၊ ပြအနှံ့ ရေသဘင်အသင်းချည်းပဲ။ ခရစ်နှစ်အလိုအရ ၁၉၆၄ ခုနှစ်ဖြစ်မယ်ထင်တယ်။ ဌာနဆိုင်ရာတွေက ကျုံးဘေးမှာ မဏ္ဍပ်တွေထိုးကြတယ်။ အဲဒီနှစ်မှာ မန္တလေးပန်တျာကျောင်းကလည်း ထူးထူးခြားခြား ရေသဘင်ပွဲနွဲကြတယ်။ ကျောင်းရှေ့မှာ စင်မြင့်ကြီးထိုးပြီး ကျုံးဘက်မျက်နှာလှည့်ထားတာ။ ကျွန်တော်ကဘာရှိဦးမလဲ ၆ နှစ်သား၊ ၇ နှစ်သားပေါ့။ အစ်မက အဲဒီရေသဘင်မှာပါတယ်။ အစ်မ ရယ်၊ နောက် ကြူကြူသင်းဆိုတဲ့ နာမည်ကျော်အငြိမ့်ကခဲ့တဲ့ ခင်လှစိန်ရယ်၊ ဘဲလေးကြည်လို့ နာမည်ကျော်ခဲ့တဲ့ မ၀င်းမေရယ်။ ပြုံးချိုဆိုပြီး မင်းသားလိုရော မင်းသမီးလိုရော နာမည်ကျော်ခဲ့တဲ့ လှအုံးမယ် ရယ် ပါဝင်ကပြခဲ့ကြတာ မှတ်မိနေပါတယ်။ အဲဒီနှစ်မှာ မန္တလေးမြူနီစီပယ် မဏ္ဍပ်ကနေ တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီက အကအထူးဆု ဆုဖလားကြီးကို အစ်မရခဲ့တာ မှတ်မိပါတယ်။ နောက် ပန်တျာကျောင်းက ကျောင်းပြီးတော့ ကိုကြည်၊ ကိုကြူးထောင်တဲ့ ရွှေရတနာအငြိမ့်မှာ အစ်မက ၀င်ကတယ်။ အငြိမ့်ကားနဲ့ မန္တလေးအနီင်္းတစ်ဝိုက်ပွဲတွေဆို လိုက်သွားဖူးတယ်။ ကြေးတီးဆရာ၊ ဒိုးဆရာ၊ အုပ်စုံဆရာ၊ ခေါင်းဆောင်မင်းသမီး၊ လူပြက်များ၊ ထမ်းဆင့်ဆိုသူများ နဲ့ တွေ့ထိခဲ့ရ၊ သူတို့ပြောစကားဆိုစကားတွေ မှတ်သားခဲ့ဖူးရ၊ ကန့်လန့်ကာနောက်ကွယ်က သဘင်သည်များရဲ့ ဘ၀ကို ငယ်ငယ်ရွယ်ရွယ်မှာကိုပဲ ဖျပ်ခနဲ သိခဲ့ရတာပါ။ ရွှေရတနာမှာ ၆လမျှပင် မပြည့်မီ အငြိမ့်ကထွက်ပြီး အစ်မက ဆရာမကြီး ဒေါ်သြဘာသောင်းနဲ့ ရန်ကုန်အိမ်တော် ဧည့်ခံပွဲတစ်ပွဲ ပါဝင် ကပြရာက မြန်မာအက အခြေခံ အမျိုးသမီး ကဗျာလွတ် အက ၁၂၅ကွက်ကို နိုင်ငံတော် အစီအစဉ်နဲ့ ဓာတ်ပုံ၊ ပန်းချီ၊ ရု့ပ်ရှင်များနဲ့ မှတ်တမ်းတင် မှုကို ပါဝင်တာဝန်ယူခဲ့ရပါတယ်။ ၁၉၅၃ခုနှစ် ဇူလိုင်လ ၁ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးပန်တျာနှင့် အနုပညာကျောင်းမှာ ပထမဆုံး အမျိုး သမီးအကနည်းပြဆရာမအဖြစ် တာဝန်ယူခဲ့ပြီး မြန်မာအမျိုးသမီး အခြေခံအက သင်ရိုးအဖြစ် ကဗျာလွတ် ၁၂၅ကွက်ကို ဒေါ်သြဘာသောင်းက တီထွင်ခဲ့မှုအပေါ် နိုင်ငံတော်က လိုအပ်ချက်အရ မှတ်တမ်းတင်ပြီး သင်ရိုးညွှန်းတမ်းအဖြစ် ပြဋ္ဌာန်းဖို့ ဆောင်ရွက်ခဲ့လေတော့ ဒီဆောင်ရွက်ချက်ပြီး မြောက်သွားရင်ဖြင့် မန်္တလေးမူက နိုင်ငံတော်မူ ဖြစ်ရချေရဲ့ ဆိုပြီး အချို့အချို့သော ပုဂိ္ဂုလ်များရဲ့ ဒေသစွဲကြီးမှုကြောင့် ဒီအစီအစဉ်ဟာ ဆုံးခန်းတိုင် မသွားခဲ့ပါဘူး။ ရန်ကုန်ယဉ်ကျေးမှု ရိပ်မြုံမှာ စတင်ခဲ့တဲ့ အစီအစဉ်ဟာ ခေတ်္တရပ်ဆိုင်းခဲ့တယ်။ နောက် မန်္တလေးပန်တျာကျောင်းမှာ ဆက်လက်ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ဆဲမှာပဲ ခုနပြောခဲ့တဲ့ ““အစွဲ”” များကြောင့် အောက်ခြေမှာတင် ရုတ်ခြည်း ရပ်ဆိုင်းပစ်ခဲ့တယ်။ မန္တလေးမှာ မှတ်တမ်းတင်နေတော့ ပန်တျာကျောင်းကို အစ်မနဲ့အတူ လိုက်သွားရတယ်။ ဒီတော့ လက်အချိုး၊ ခေါင်းအထား၊ ဒူးအခွင်၊ ခြေအကားတွေ ဘယ်ဟာစနစ်ကျတယ်ဆိုတာ မျက်စိရည်ဝနေပါတယ်။ အနားမှာ ဆရာမကြီးဒေါ်သြဘာသောင်း ကိုယ်တိုင်ထိုင်ပြီး လက်ကလေး နည်းနည်းမြှောက်လိုက်ဦး၊ ခေါင်းလေးနည်းနည်း စောင်းလိုက်ဦး၊ ခါးလေးနည်းနည်းညွတ်လိုက်ဦး၊ အေးဟုတ်ပြီ၊ ဒီအတိုင်း ရိုက်တော့လို့ ပြောဆိုဆုံးဖြတ်ခဲ့တာ မြင်ခဲ့ရတာကိုး။ အဲလို ဆရာမကြီး ရှေ့မှောက် စနစ်တကျလုပ်ခဲ့တာ မပြီးပြတ်သေးခင် လုပ်ငန်းရပ်သွားတာပါ။ မကြာပါဘူး ဆရာမကြီး ဆုံးပါးသွားခဲ့ပါတယ်။ တစ်လျှောက်လုံး ဆောင်ရွက်ခဲ့တဲ့ ပန်းချီကောက်ကြောင်းတွေ၊ ဓာတ်ပုံတွေဆိုတာ တောင်ပုံယာပုံ။ မန္တလေးပန်တျာကျောင်းအုပ်ကြီးရုံးခန်းထဲမှာ တွေ့သူက ကောက် ယူသွားကြတယ်။ (အခု ပြန်ခေတ်စားနေတဲ့ ကဗျာလွတ်အကဆိုတာ ဒေါ်သြဘာသောင်းရဲ့ မန္တလေးမူ “ကဗျာလွတ်အက”ကို“ ဖြုတ်၊ ထုတ်၊ သတ်” လုပ်ပြီး သူတို့သဘောနဲ့ သူတို့ ထင်သလိုလုပ်ထားတဲ့ “လျှောမွေး”ပါ။) အဲလိုအဖြစ်မျိုး ကြုံရတော့ အစ်မက သူကိုယ်တိုင် ပါဝင်ခဲ့ရမှုအပေါ် နှမြောပြီး ဒီအလုပ်ကို သူ့ ခင်ပွန်းသည်နှင့်အတူ ကိုယ်တိုင်ပဲ ပြန်လုပ်တယ်။ ဓာတ်ပုံတွေ ပြန်ရိုက်တယ်။ ကဗျာလွတ် အကမှတ်တမ်းစာအုပ်တစ်အုပ် ကိုယ်တိုင်ပြန်လုပ်ခဲ့ကြတယ်။ သုံးလိုက်ရတဲ့ ဓာတ်ပုံတွေ၊ အပ်လိုက်ရတဲ့ ပန်းချီပုံတွေ၊ အစ်မတို့မှာ စီးပွားပျက်လုဆိုပါရော။ စာအုပ်ကြီးပြီးတော့ အမေလူထုဒေါ်အမာရဲ့ အမှာစာရယ်၊ ဆရာကြီးဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ရဲ့ အမှာစာရယ်၊ ဆရာကြီး ဟံသာဝတီဦးဝင်းတင် အမှာစာရယ်နဲ့ ပုံနှိပ် ထုတ်ဝေနိုင်ဖို့ ရုံးလုပ်ငန်းအဆင့်ဆင့်ကို ကျွန်တော်တို့ သမီးယောက်ဖနှစ်ယောက် ရန်ကုန်ဆင်း ဆောင်ရွက်ကြတယ်။ (ဒေါ်သြဘာသောင်းရဲ့“ကဗျာလွတ်အကသမိုင်း”ကိုတော့ ဇော်ပုလဲ-ခင်ဝင်းနွယ် က “ဗုံလေးလုံးသံစဉ် ဂန္ထ၀င်အကဗေဒသစ်နှင့် သြဘာသောင်း” နာမည်နဲ့ ပိတောက်မင်းစာအုပ်တိုက်က ၁၉၉၇ခုနှစ်မှာ ထုတ်ဝေခဲ့ဖူးပါတယ်။) 11391755_922659311105946_4940015355921360394_nသို့သော် သက်ဆိုင်ရာ ရုံးလုပ်ငန်း ပြီးစီးလုအချိန်မှာပဲ ယဉ်ကျေးမှုဝန်ကြီးဌာနက ကန့်ကွက်ခံရပြီး စာအုပ်ကို မထုတ်ဝေဖြစ်ခဲ့ပါဘူး။ ကျွန်တော့်အဖို့ “အက” ဆိုတာ ကိုယ်တိုင်လက်မျှပင် မချိုးတတ်ပါဘူး။ ဤမျှလောက်လေးမျှသာ ကြုံဖူး ဆုံဖူးခဲ့ရတာပါ။ ကြားဖူးမှတ်ဖူး တာလေး မှတ်မိသရွေ့မျှသာ ရေးမိချွတ်မိတာပါ။ ၁၉၇၄/၇၅လောက်က ထင်ပါရဲ့။ ကျွန်တော့်အစ်မက မန္တလေးဟံသာဝတီ သတင်းစာတိုက်ရှေ့က ဗဟိုမဏ္ဍပ်မှာ သီဆိုခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်။ “ဆရာချစ်တိုး၊ ချစ်မိုး” ရေးစပ်ခဲ့တာ။ ““သည်ကမ်း သည်တောင်၊ သည်ယာ သည်ရွာ၊ သည်မြို့ သည်သို့ သည်ဓလေ့ ပျော်မွေ့နှစ်ခြိုက်...စရိုက် အစဉ်အလာ၊ သည်မြေမှာမွေး သည်မြေသွေးပင်၊ သည်မြေကိုလျှောက် သည်ရေသောက်လျှင်”” ဆိုတဲ့ သင်္ကြန်သီချင်းလေးလိုပါပဲ။ ကိုယ်မြို့၊ ကိုယ့်လူမျိုးအထိ မျှော်မှန်းပြီး ကိုယ်ဓလေ့၊ ကိုယ့်စရိုက်ကအစ ကိုယ့်အနုပညာ၊ ကိုယ့်ယဉ်ကျေးမှုတွေ မတိမ်ကော မပျောက်စေချင်တဲ့ အရိုးခံ စေတနာတစ်ခုတည်းပါ။ ဘယ်လို ပုဂိ္ဂုလ်စွဲ၊ ဒေသစွဲနဲ့ ပြောဆို လုပ်ကိုင်ခဲ့ခြင်းမျိုး မဟုတ်ပါဘူးဆိုတာလည်း ကြုံတုန်းပြောပါရစေ။ ဒီအတွေ့အကြုံတွေပေါ် အခြေခံပြီး မဂ္ဂဇင်းတွေမှာ သုခုမ အနုပညာနဲ့ပတ်သက်ပြီး ဆောင်းပါးတွေရေးဖြစ်တယ်။ ဒီဆောင်းပါးတွေကို အမျိုးအစားတူရာတွေ စုပြီး ပေါင်းချုပ်စာအုပ်တွေ ထုတ်ဖြစ်ပါတယ်။ “မန္တလေး ကွန်ဆတ်တို” နာမည်နှင့် “ချမ်းမြေ့ရတနာ စာအုပ်တိုက်”က ထုတ်ဝေခဲ့သလို “မန္တလေးနရီ” နာမည်နဲ့ “ဖူလုံစာပေ” ကလည်း ထုတ်ခဲ့ပါတယ်။ “ ခရမ်းရင့်ရင့် ဆင်ဖိုနီ” နာမည်နဲ့လည်း “ပုဂံစာအုပ်တိုက်က ထုတ်ခဲ့တာပါ။ ဒီဗွီဒီမှတ်တမ်းအနေနဲ့လည်း “ဗုံလေးလုံးသံစဉ် ဂန္ထ၀င်အကပဒေသာ” ဆိုပြီး ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရှင်ဆိုသူများရဲ့ ကန့်ကွက်မှုပေါင်းစုံကြားက ထုတ်ဝေခဲ့ပါတယ်။ ဆူးငှက် (မှတ်ချက်-စာရေးသူဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်)

A d v e r t i s e m e n t With Us

More News
Up