ဆီးဂိမ်းရွှေတံဆိပ်ဆုရ ထိုင်းယူ ၂၃ အသင်း ဆုကြေး ဘတ်ငွေ၂၂ သန်းကျော်ရရှိ



2.3K
စင်ကာပူ ဆီးဂိမ်းရွှေတံဆိပ်ဆုရ ထိုင်းယူ ၂၃ ဘောလုံးအသင်းဟာ အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ပေးအပ်တဲ့ ဆုကြေး ထိုင်းဘတ်ငွေ ၂၂ သန်းကျော် ရရှိမယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။
ထိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ၀ိုရာဝီမကာဒီက ထိုင်းယူ ၂၃ ဘောလုံးအသင်းကို မနေ့က ဘတ်ငွေ ၁၂ သန်းချီးမြှင့်ခဲ့ပြီး ပျော်စရာကောင်းတဲ့ နေ့ဖြစ်တဲ့အကြောင်း ထိုင်းပြည်သူတွေဆီကို ပျော်ရွှင်ခြင်းတွေ ဆောင်ယူလာပေးတဲ့အတွက် အသင်းကို ကျေးဇူးတဲ့အကြောင်း အားလုံးဆက်ကြိုးစားပြီး အာရှထိပ်တန်းအသင်းတသင်းဖြစ်အောင် အပြင်းအထန်ကြိုးစားရမယ်လို့ ပြောပါတယ်။
အနိုင်ရ ထိုင်းဘောလုံးသမားတွေအတွက် ဘီယာချမ်းကုမ္ပဏီက လည်း ထိုင်းဘတ်ငွေ ၂ သန်း၊ တိုယိုတာကားကုမ္ပဏီက ၂ သန်း၊ ထိုင်းပရီးမီးယားဘောလုံးအဖွဲ့ချုပ်က ၁၀ သန်း၊ စီးတီးဘဏ်က ဘတ် ၅ သိန်း၊ ထိုင်းဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့က ဘောလုံးသမား တဦးလျှင် ဘတ် ၂ သိန်းစီနဲ့ အယောက် ၂၀ စာ ဘတ်ငွေ ၄ သန်း စသဖြင့် ချီးမြှင့်ခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုချာကတော့ အောင်မြင်တဲ့ ကစားသမားတွေအတွက် ဘာဆုချမလဲလို့ ထိုင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို “သူ့ရဲ့ ကိုယ်ပိုင်ဆုငွေပမာဏကတော့ သူဟာ လစာ ၁ လ ဘတ် ၇၅၀၀၀ သာရပြီး ထိုင်းဥပဒေအရ နိုင်ငံရေးသမားတွေဟာ သူများကို ဆုငွေ ဘတ် ၃ ထောင်ထက်ပိုပြီး ဆုမချရဘူးလို့ ပြောထားတဲ့အတွက် သူ့အနေနဲ့ တသင်းလုံးအတွက် ဘတ် ၃ ထောင်ပဲ ဆုချမယ်လို့ သတင်းထောက်တွေကို နောက်ပြောင်ပြီးဖြေကြားသွားပါတယ်။
ထိုင်း ယူ ၂၃ ဘောလုံးအသင်းဟာ ၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းဗိုလ်လုပွဲမှာ မြန်မာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီးဂိမ်းရွှေတံဆိပ်ကို ၁၅ ကြိမ်မြောက် ရယူပေးခဲ့တာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ထိုင်းအသင်းက ပြိုင်ဘက်တွေကို သွင်းဂိုးစုစုပေါင်း ၂၄ ဂိုးသွင်းယူပြီး ပေးဂိုး ၁ ဂိုးနဲ့ ရှုံးပွဲမရှိ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
ဆီးဂိမ်းအနိုင်ရ ထိုင်းဘောလုံးအသင်းရဲ့ နောက်ထပ်ရည်မှန်းချက်ကတော့ လာမယ့် ၂၀၁၆ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကစားဖို့ဖြစ်တယ်လို့ ထိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကပြောပါတယ်။