A d v e r t i s e m e n t With Us

အမေရိကန် ခရစ်ယာန်ဘုရားကျောင်း ပစ်ခတ်မှု သေနတ်သမားကို ဖမ်းမိပြီ

ဇွန် ၁၇ ရက်နေ့ ညပိုင်းက အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာစ်တန်မြို့မှာ လူ ၉ ဦး သေဆုံးခဲ့ရတဲ့ ဘုရားကျောင်း ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ အမေရိကန်လူငယ်ကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ဖမ်းဆီးရမိပြီလို့ ပြည်နယ်ရဲမင်းကြီးက ဇွန် ၁၈ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒိုင်လန်း ရုဖ် (Dylann Roof) ကို ပစ်ခတ်ခဲ့ပြီး ၁၃ နာရီအကြာ မြောက်ဘက် ၂၂၀ မိုင်အကွာက ဆဲလ်ဘီ (Selby) မြို့မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ရဲမင်းကြီး ဂရေဂေါ်ရီ မူလန် (Gregory Mullen) က သတင်းထောက်တွေကို ပြောဆိုပါတယ်။ “တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ လက်စင်တန်မြို့မှာနေထိုင်တဲ့ သေနတ်သမား ဒိုင်လန်း ရုဖ်ကို ဖမ်းဆီးရမိပြီလို့ ကြေညာခွင့်ရတာ အားရကျေနပ်တယ်။ ဆဲလ်ဘီမြို့ခံတဦးက လူတဦးကို သံသယဖြစ်လို့ ရဲကိုအကြောင်းကြားခဲ့ပြီး ရဲလုံခြုံရေးတွေ ရောက်ရောက်ချင်းပဲ သူတို့ ရှာဖွေနေတာ ဒီလူငယ်ဆိုတာကို ချက်ချင်းပဲ သိခဲ့ကြပါတယ်။” ဒီလူငယ်ဟာ မပစ်ခတ်ခင် ဘုရားကျောင်းထဲက လူတွေနဲ့ ဆွေးနွေးပွဲကို ၁ နာရီကြာ အတူတက်ခဲ့ပြီး ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုမှာ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ဘုရားကျောင်း သင်းအုပ်ဆရာလည်း ပါဝင်ပါတယ်။ လူမျိုးရေးအခြေခံတဲ့ ပစ်ခတ်မှုလို့လည်း ပြည်နယ်ရဲမင်းကြီး မူလန်က သတ်မှတ်ပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အချက်အလက်တွေကို အပြည့်အစုံ စုဆောင်းပြီး သူဘာကြောင့် အခုလို ပစ်ခတ်ရတယ်ဆိုတာ ကျကျနန စစ်ဆေး အရေးယူသွားမယ်လို့ အစိုးရရှေ့နေချုပ် လင့်ခ်ျ (Lynch) က ပြောဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ လကလည်း ဒီတောင်ကယ်ရိုလိုင်းနားပြည်နယ်ထဲက မြောက်ချာစ်တန်မြို့မှာ လက်နက်မဲ့ အမေရိကန်လူမည်း ဝေါ်လ်တာ စကော့တ် (Walter Scott) ကို လူဖြူရဲအရာရှိက ပစ်သတ်ခဲ့လို့ လူမျိုးရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီရဲအရာရှိကိုလည်း လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up