ထိုင်းတွင် ပထမဆုံး မားစ်ရောဂါဖြစ်ပွားသူ တွေ့ရှိ

ဓာတ်ပုံ - ရိုက်တာ
1.5K
လူသေစေလောက်တဲ့ ရောဂါပိုးဖြစ်တဲ့ မားစ်ရောဂါ လူနာတယောက်ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပထမဆုံးအနေနဲ့ ဇွန်လ ၁၈ ရက်က စတင်တွေ့ရှိထားပါတယ်။
အရှေ့အလယ်ပိုင်း နိုင်ငံတခုကနေ ဘန်ကောက်မှာ ဆေးလာကုသတဲ့ အသက် ၇၅ နှစ် အရွယ် လူနာတယောက်လို့ သိရပြီး အခု သူ့ကို အထူးကြပ်မတ်ဆောင်မှာ ကျန်းမာရေး စောင့်ရှောက်ထားသလို သူနဲ့အတူပါလာတဲ့ မိသားစုဝင် ၃ ယောက်ကိုလည်း သီးသန့်စီ ခွဲထားပြီး အနီးကပ် စောင့်ကြည့်နေကြောင်း သိရပါတယ်။
ဓာတ်ခွဲခန်း ၂ ခုမှာ အသေးစိတ်စစ်ဆေးပြီး မားစ်ရောဂါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက ဇွန် ၁၈ ရက်နေ့က ပြောဆိုပါတယ်။
အဲဒီလူနာ စီးနင်းလာတဲ့ လေယာဉ်မှာပါတဲ့ ခရီးသည်တွေနဲ့ တက္ကစီသမားတို့ကိုလည်း ကျန်းမာရေးဌာနက စောင့်ကြည့်နေပါတယ်။
ထိုင်းနိုင်ငံမှာ ပထမဆုံး မားစ်ရောဂါ စတင်တွေ့ရှိတာ မှန်ပေမယ့် စိုးရိမ်ပူပန်မှု မရှိကြဖို့ကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ထုတ်ဖော်ပြောဆိုပါတယ်။
လတ်တလောမှာ ကမ္ဘာတ၀ှမ်း အတည်ပြုနိုင်သလောက် မားစ်ရောဂါနဲ့ လူသေဆုံးမှု ၄၅၈ ယောက် ရှိနေပြီ ဖြစ်ပါတယ်။