A d v e r t i s e m e n t With Us

အမေရိကန် ခရစ်ယာန်ဘုရားကျောင်းတခုတွင် ပစ်ခတ်မှုဖြစ်၊ ၉ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်က အမေရိကန်-အာဖရိကန် ခရစ်ယာန်ဘုရားကျောင်းတခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးတယ်လို့ ချားစ်တန်မြို့ ရဲအာဏာပိုင်တွေက ဇွန် ၁၇ ရက်နေ့ ညနေပိုင်းက ပြောဆိုပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် လူဖြူလူငယ်တဦးကို ရှာဖွေနေတယ်လို့လည်း ချားစ်တန်မြို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောဆိုပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ဘုရားကျောင်းထိုင်ဘုန်းကြီး ပြည်နယ်လွှတ်တော်အမတ် Clementa Pinckney လည်း ပါဝင်တယ်လို့ အမေရိကန်လူမည်းအရေးလှုပ်ရှားသူ သိက္ခာတော်ရဆရာတော် Al Sharpton က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။ ဘုရားကျောင်းမှာ ဇွန် ၁၇ ရက်နေ့ ည ၉ နာရီအချိန် အစည်းအဝေးလုပ်နေတုန်း ပစ်ခတ်ခံခဲ့ရတာပါ။ ၈ ဦးက ဘုရားကျောင်းထဲမှာပဲ သေဆုံးပြီး ကျန်တဦးကတော့ ဆေးရုံသယ်သွားစဉ် လမ်းမှ သေဆုံးခဲ့တာပါ။ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ အမေရိကန်လူဖြူလူငယ်တဦးကို အပူတပြင်း ရှာဖွေနေဆဲဖြစ်ပြီး တွေ့ရှိသူတွေ လုံခြုံရေးအာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားဖို့ ရဲအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဒီပစ်ခတ်မှုဟာ လူမျိုးရေးအခြေခံတဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ပြည်နယ်ရဲအရာရှိတဦးက ပြောဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Emanuel African Methodist Episcopal (အက်ပီစကိုပို) ဘုရားကျောင်းဟာ အမေရိကန်ပြည်ထောင်စုမှာ သက်တမ်းအရင့်ဆုံး သမိုင်းဝင်ရှေးဟောင်းဘုရားကျောင်းတွေထဲက တကျောင်းဖြစ်ပြီး ၁၈၉၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ ဘုရားကျောင်းထူထောင်သူတဦးဖြစ်တဲ့ Denmark Vesey ဆိုသူဟာ ၁၈၂၂ ခုနှစ်က  မအောင်မြင်ခဲ့တဲ့ လူမည်းကျေးကျွန် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up