ဂျော်ဂျီယာတိရစ္ဆာန်ရုံမှ လွတ်မြောက်သွားသည့်ကျားက လူတဦးကို သတ်ဖြတ်

ဓာတ်ပုံ - Agence France-Presse
1.2K
ဂျော်ဂျီယာနိုင်ငံ၊ တပူလီစီမြို့တော် တိရစ္ဆာန်ရုံကနေ ပြီးခဲ့တဲ့တပတ်က ရေကြီးပြီး လွတ်သွားတဲ့ ကျားတကောင်က လူတဦးကို သတ်ဖြတ်ခဲ့တဲ့အတွက် အာဏာပိုင်တွေက အသေပစ်သတ်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။
အဲ့ဒီကျားကြောင့် လူတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။ ပြီးခဲ့တဲ့တပတ်က တပူလီစီမြို့တော်မှာ မိုးကြီးရေလျှံခဲ့တုန်းက တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တော်တော်များများလည်း ရေနစ်သေဆုံးခဲ့ပြီး အများအပြားလည်း လွတ်ထွက်ခဲ့တာပါ။
အဲ့ဒီကျားကို အရှင်ဖမ်းဖို့ ကြိုးစားခဲ့ပေမယ့် ကျားက အန္တရာယ်ထပ်ပေးနိုင်တဲ့ အခြေအနေရှိနေလို့ ပစ်သတ်လိုက်ရတာလို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ရက်တွေကတော့ တိရစ္ဆာန်ရုံက လွတ်နေတဲ့ ခြင်္သေ့တွေ၊ ရေမြင်းတွေနဲ့ ၀က်ဝံတွေကို မြို့ထဲလမ်းတွေမှာ တွေ့ခဲ့ကြရပြီး မြို့ခံတွေကိုလည်း အိမ်ပြင်မထွက်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ကြတာပါ။
ပျောက်နေခဲ့တဲ့ ခြင်္သေ့နဲ့ ကျားတွေကိုတော့ အသေတွေ့ရှိခဲ့ပြီလို့ ဇွန် ၁၆ ရက်နေ့မှာ တိရစ္ဆာန်ရုံက ပြောဆိုပေမယ့် ဂျာဂွာကျားသစ်တကောင်ကတော့ ပျောက်ဆုံးနေဆဲလို့ ပြောဆိုပါတယ်။
တပူလီစီမြို့တော် မိုးကြီးရေလျှံမှုအတွင်း လူ ၁၃ ဦးသေဆုံးခဲ့ပြီး တိရစ္ဆာန်ရုံဝန်ထမ်း ၃ ဦး ပါဝင်ပါတယ်။ လက်ရှိအချိန်အထိ လူ ၆ ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး မိသားစု ၄၀ လောက် အိုးအိမ်ပျက်စီးခဲ့ပါတယ်။