ပဲခူးလျှပ်စစ်ဌာန ၀န်ထမ်းများအပေါ် တာဝန်မဲ့

ပဲခူးတိုင်း ပဲခူးမြို့နယ်လျှပ်စစ်ဌာနဟာ ဓာတ်တိုင်ပေါ်က ပြုတ်ကျတဲ့ ၀န်ထမ်းကို ကျန်းမာရေးစရိတ်ထုတ်မပေးတဲ့အပြင် နယ်ပြောင်း တာဝန်ထမ်းခိုင်းတယ်လို့ ကာယကံရှင်က ၀န်ထမ်းက ပြောပါတယ်။
ပဲခူးလျှပ်စစ်ဌာနမှ လိုင်းမင်း ကိုအောင်အောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က အင်းတကော်စက်မှုဇုန်လိုင်းမီးအတွက် တက်ပြင်ရင်း ပေလေးဆယ်ကျော်မြင့်တဲ့ ဓာတ်တိုင်ထိပ်ကနေ အောက်ကိုပြုတ်ကျပြီး ဆေးရုံရောက်ပါတယ်။
တာဝန်ရှိသူ မြို့နယ်အင်ဂျင်နီယာမှူး ဦးအောင်လင်းထွဋ်ဟာ သတင်းလည်းလာမမေး၊ ကျန်းမာရေးကုန်ကျစရိတ် မပေးတဲ့အပြင် ပဲခူးမြို့ကနေ အင်းတကော်မြို့ကို တာဝန်ရွှေ့ပြောင်းခိုင်းတယ်လို့ ကိုအောင်အောင်က ပြောပါတယ်။
သူဟာ ဒါပါနဲ့ဆို နှစ်ကြိမ် တာဝန်ထမ်းရင်း ဓာတ်တိုင်ပေါ်က ပြုတ်ကျတာကို ဌာနက လျစ်လျူရှုတာ ခံရတယ်လို့ ပြောပါတယ်။
“၂၀၀၈ အကုန် ၂၀၀၉ တုန်းက ကျနော် တိုင်ပေါ်က တခါ ဓာတ်လိုက်ပြီးကျတယ်။ ကျတော့လည်း အဲဒီလိုပဲ ကိုယ့်ဟာကိုယ် ကုပြီးတော့ နေလိုက်ရတယ်။ အဲဒီအချိန်မှာ ကျနော့်ကို ဂျူတီတွေဘာတွေ အခုလိုမျိုး မချိန်းဘူးပေါ့။ အခုတခါကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး၊ ကျနော့်ကို အင်းတကော်ကို ဂျူတီပါ ချိန်းပြီးတော့ လွှတ်လိုက်တယ်။ ကျနော့်မှာ ဘာအပြစ်မှ မရှိဘဲနဲ့။ ဒါ လုပ်ငန်းခွင်ဖြစ်တာကိုး။”
ပေလေးဆယ်အမြင့်က ကျတဲ့ဒဏ်ကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာ ရခဲ့တဲ့ ကိုအောင်အောင်က ဆေးဖိုးအတွက် မရှိရှိတာ ရောင်းချပေါင်နှံပြီး ပေးတာ ငွေသုံးသိန်းလောက် ကုန်သွားတယ်လို့ ပြောပါတယ်။
“ဆရာ ကျနော် ဘာဖြစ်တာလဲဆိုတော့ မင်း နံရိုးဘေးနားက ငုတ်လေးတွေ ၄ ငုတ်ကျိုးသွားတယ်တဲ့။ နောက်ပြီးတော့ တင်ပါးဆုံခွက် ပဲ့သွားတယ်တဲ့။ အဲဒါ မင်းဆင်းလို့ မရသေးဘူးတဲ့။ ဆင်းလို့ မရသေးဘူးဆိုတော့ ကျနော် ဆေးရုံမှာ ကြာကြာမနေနိုင်တော့ဘူး။ ကိုယ့်မိသားစုက ရှိသေးတော့။ ဟိုမှာ စားစရာက မရှိတာကတကြောင်း၊ ဆေးကုတာက တကြောင်းပေါ့။ ကျနော်ဆို့ဆီမှာ ကိုယ်ဖြစ်ကိုယ်ခံပဲ။”
ဘာကြောင့် အင်းတကော်မြို့ကို တာဝန်ပြောင်းခိုင်းတယ်ဆိုတာကိုလည်း အဲဒီအရာရှိက မရှင်းပြဘူးလို့ ဆိုပါတယ်။ နေရာပြောင်းရွှေ့ရမယ်ဆိုရင် ကြုံရမယ့် အခက်အခဲကို သူကရှင်းပြပြီး မပြောင်းရွှေ့ချင်ဘူးလို့ ပြောပါတယ်။
“မိသားစုပြိုကွဲသလို ဖြစ်တာပေါ့။ ဒီမှာ ကျနော့်မိသားစုနဲ့ ကျနော် လုပ်ကိုင်စားနေရတာ။ အခု တနယ်တကျေးပြောင်းတယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် ကလေးကလည်း ပညာရေးရှိသေးတယ်။ ကျနော့် မိန်းမရယ်၊ ကျနော့် သမီးလေးရယ်၊ ကျနော့် အစ်မရယ်၊ ကျနော့်တူမရယ် ၄ ယောက်ရှိတာပေါ့။”
ပဲခူးမြို့နယ် အင်ဂျင်နီယာမှူးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။