Home
မြန်မာသတင်း
မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပစ်ခတ်မှုဖြစ်၊ နှစ်ဘက်ဒဏ်ရာရ
နော်နိုရင်း
·
June 17, 2015
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ဝမှာ ဒီကနေ့ မနက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာနယ်ခြားစောင့်တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကနေ မြန်မာရေပိုင်နက်ဘက်ကို ကျွံဝင်လာတဲ့ လှေတစီးကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။ “မနက် ၆ နာရီလောက်မှာ ဟိုဘက်က ကျနော်တို့ မြန်မာ့ရေပိုင်နက်မှာပေါ့။ ဒီနယ်စပ်နားမှာပဲ။ လှေတစီးတွေ့တာပေါ့။ မသင်္ကာဖွယ် လှေတစီးတွေ့လို့ မြန်မာဘက်က နယ်ခြားစောင့်ရဲကနေပြီး လှမ်းတားတာပေါ့။ လှမ်းခေါ်တော့ ဟိုဘက်က လှေကနေပြီး လက်နက်ငယ်နဲ့ စပစ်တယ်။ လှေပေါ်ကနေပြီးတော့။ ပစ်တော့ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့။” ဒီပစ်ခတ်မှုကြောင့် နယ်ခြားစောင့် ရဲတပ်ရင်းအမှတ် ၄ က ရဲဘော်တဦး ခြေဖ၀ါးမှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတပုဒ်မှာတော့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024