Live
Home
အထွေထွေ
မြန်မာသတင်းသမားများ ထိန်းချုပ်ကန့်သတ် ၀တ္တရားနှောင့်ယှက်ခံနေရ
မြတ်နိုးအောင်
·
June 17, 2015
မြန်မာနိုင်ငံက သတင်းသမားတွေဟာ ထိန်းချုပ်ကန့်သတ် ၀တ္တရားနှောင့်ယှက်ခံနေရ တယ်လို့  ယူကေအခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က  ထောက်ပြ ဝေဖန်လိုက်ပါတယ်။ လာမယ့် နိုဝင်ဘာလ နိုင်ငံတ၀န်း ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင်  မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အေအိုင်အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ၂၀၁၂ ခုနှစ်မှာ အစိုးရက မီဒီယာလုပ်ထုံးလုပ်နည်းတွေ ဖြေလျော့ပေးပြီး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေရှိပေမယ့် မြန်မာသတင်းသမားတွေအနေနဲ့ အသရေပျက်စေမှု၊ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ၀တ္တရားနှောင့်ယှက်မှု၊ ဖမ်းဆီးထောင်ချမှုတွေအပြင် ပြီးခဲ့တဲ့ အောက်တိုဘာလက အလွတ်သတင်းထောက် ကိုပါကြီးကို  စစ်တပ်က ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်ခဲ့တာလို ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပဲလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 11246695_10153340559077305_5896944554738786477_n၂၀၁၄ ခုနှစ်အ တွင်း မြန်မာနိုင်ငံမှာ မီဒီယာသမား ၁၁ ဦး သတင်းအလုပ် လုပ်ရင်း ထောင်ချ ခံခဲ့ရတဲ့ အကြောင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်သုံးလုပ်ဆောင် ရင်း ဖမ်းဆီး ထိန်းသိမ်း ထောင်ချ ခံထားရတဲ့ သတင်းသမားတွေကို အမြန်ဆုံးခြွင်းချက် မရှိ ပြန်လွှတ်ပေးဖို့ လည်း အေအိုင် အဖွဲ့က တောင်းဆို ထားပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံတွင်းနဲ့  ပြည်ပအခြေစိုက် မီဒီယာနယ်ပယ် အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ မီဒီယာသမားတွေကို တွေ့ဆုံမေးမြန်းချက်တွေအပေါ် အခြေခံပြီး ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ မြန်မာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ အေအိုင်အဖွဲ့ရဲ့ ဝေဖန်ချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ “သာမန်အားဖြင်တော့ ကျနော်တို့ ဒီလိုအစီရင်ခံစာမျိုးတွေကို အလေးထားလေ့မရှိပါဘူး။ မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့အစည်း ၂ ဒါဇင်နီးပါးလောက်က အစီရင်ခံစာတွေ ထုတ်နေကြတယ်။ ဒါပေမယ့် ပြဿနာကက မီဒီယာဖွံ့ဖြိုးရေးအတွက် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတဲ့ ဘက်ကပဲ ချည်းကပ်ကြတာပါ။” လို့ ဒီဗွီဘီ အင်္ဂလိပ်ဘာသာ အစီအစဉ်ကို ပြောပါတယ်။ နိုင်ငံတကာက ဝေဖန်သူတွေဟာ မြန်မာမီဒီယာတွေထဲမှာ ပရော်ဖက်ရှင်နယ် မဆန်တာနဲ့ စံနှုန်းအဆင့်အတန်းတွေ မမီတာတွေကိုတော့ ဝေဖန်ဖို့ ပျက်ကွက်နေတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ၀ါရင့်အယ်ဒီတာ ဦးသီဟစောကတော့ “ဒါတွေတကယ်တမ်း အရည်အသွေး ပြည့်ပြည့်၀၀နဲ့ ပညာရှင်ဆန်ဆန် အလုပ်လုပ်လာနိုင်တဲ့ အချိန်မှာတော့ သေချာတဲ့ တိုးတက်မှုတခုကို ရောက်လာမှာပါ။ ဒါပေမယ့် ကျနော်တို့ ရင်ဆိုင်နေရတာက တခုတည်း မဟုတ်ပါဘူး။ အရည်အသွေးပြည့်ဝဖို့ တခုတည်းသာမကပဲ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။” လို့ ပြောပါတယ်။ ဒါပေမယ့် မြန်မာသတင်းသမားတွေဟာ မြန်မာ့လူမှုဝန်းကျင်မှာ လှုပ်ရှားဆောင်ရွက်ရတာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက်တော့ အခြေအနေ ပိုကောင်းလာတယ်လို့  ဦးသီဟစောက ၀န်ခံပြောပါတယ်။ “လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ခုချိန်မှာ ပုဂ္ဂလိက ကဏ္ဍက နေ့စဉ်ထုတ် သတင်းစာတွေလို တိုးတက်မှုတွေကို မြင်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ လျှောက်ရမယ့် ခရီးက ဝေးနေတုန်းပါပဲ။” နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့နောက် အဆင့် ၁၄၄ နဲ့ ရပ်တည်နေခဲ့တာပါ။ မြန်မာနိုင်ငံနောက်မှာတော့ စင်ကာပူ၊ မလေးရှား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေ ရှိနေခဲ့ပါတယ်။ ဦးသီဟစောက “အာဆီယံနိုင်ငံတွေထဲမှာ ကျနော်တို့က သတင်းမီဒီယာ လွတ်လပ်ခွင့် အလယ်အလတ်အဆင့်မှာရှိတယ်။ သာမန်ထက် နည်းနည်းလေး ပိုတိုးတက်လာတာပဲရှိတာ။ စာရင်းရဲ့ ထိပ်ပိုင်းကိုတော့ မရောက်သေးဘူး။” လို့ ပြောပါတယ်။ အေအိုင်အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ သုတေသနဒါရိုက်တာ ရူးပါ့တ်အဘော့တ်က “မြန်မာပြည်မှာ ဒီကနေ့ တွေ့နေရတာကတော့ တိုးတက်မှု အရေခြုံထားတဲ့ ဖိနှိပ်ချုပ်ချယ်မှုပါ။ အဆင်မပြေတဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြကြတဲ့ စာနယ်ဇင်းသမားတွေကို နုတ်ပိတ်ဖို့  အာဏာပိုင်တွေက ဖမ်းဆီးတာ၊ စောင့်ကြည့်တာ၊ ခြိမ်းခြောက်တာနဲ့ ထောင်ချတာ စတဲ့လုပ်နည်းဟောင်းတွေကို အားကိုးနေတုန်းပဲ။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာသတင်းလောကမှာ သိသာထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့  ကာကွယ်ရေးပစ္စည်းစက်ရုံသတင်း ဖော်ပြခဲ့မှုနဲ့ပတ်သက်ပြီး ယူနတီဂျာနယ် သတင်းသမားတွေ နှစ်ရှည်ထောင်ချခံရတာနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ သတင်းထောက်ကိုပါကြီး အသတ်ခံရမှုတွေဖြစ်ပြီး ဒါတွေဟာ မြန်မာသတင်းသမားတွေအတွက် လုံခြုံမှုနဲ့ အကာကွယ် ပေးမှု လိုအပ်ချက်တွေလို့လည်း သတင်းသမားတွေက ဝေဖန်ထောက်ပြကြပါတယ်။ ဦးသီဟစောကတော့ “စစ်မှန်တဲ့ မြန်မာစာနယ်ဇင်း လွတ်လပ်ခွင့်ရဖို့ ဖြတ်သန်းရမယ့် ခရီးက မဝေးတော့ပါဘူး။ ကျနော်တို့ တခါတလေမှာ စိတ်ရှည်ရှည်ထားရပါမယ်။” လို့ ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024