A d v e r t i s e m e n t With Us

ဝန်ကြီးဦးအောင်မင်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ အလွတ်သဘော တွေ့မည်

ဦးလှမောင်ရွှေ
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ၀န်ကြီးဦးအောင်မင်းနဲ့ နိုင်ဟံသာ ဦးဆောင်တဲ့ တိုင်းရင်းသားအဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မှာ ရှေ့တပတ်တွင်း အလွတ်သဘော တွေ့ဖို့ ရှိပါတယ်။ လော်ခီးလာ တိုင်းရင်းသားညီလာခံက ဖွဲ့ပေးလိုက်တဲ့ ၁၅ ဦးပါ တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ ပထမအကြိမ်စည်းဝေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇွန် ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်ကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့ဟာ ၀န်ကြီး ဦးအောင်မင်းနဲ့ ရှေ့ပြေး သွားရောက်တွေ့ဆုံပြီး အစိုးရနဲ့ တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ ဆက်လက်ဆွေးနွေးကြဖို့ ကြိုတင်ညှိနှိုင်းမှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ရှေ့တပတ် တွေ့ဆုံပွဲပြီးမှပဲ သိနိုင်မယ်လို့ ပြောပါတယ်။ “လာမယ့်အပတ်မှာ တွေ့နိုင်မယ့်အခါကျမှပဲ သိနိုင်မယ်ထင်တယ်၊ ကျနော်တို့ အလုပ်အဖွဲ့အနေနဲ့တော့ လော်ခီးလာက ရလာတာတွေကို ၀န်ကြီးဦးအောင်မင်းတို့ကို တင်ပြထားတယ်။ ၀န်ကြီးဦးအောင်မင်းတို့ အနေနဲ့ကလည်း စဉ်းစားနေတဲ့ အနေအထားမျိုး ရှိတယ်။ အဖြေတော့ ကျနော်တို့ မသိသေးဘူး။ ဒါပေမယ့် စောစောက ကိုယ်စားလှယ်အဖွဲ့ ၃ ဦးနဲ့ ၀န်ကြီးဦးအောင်မင်း တွေ့ဖို့တော့ ရှိတယ်။ အဲ့ဒီ တွေ့ပြီးမှပဲ ပြောနိုင်မယ်ထင်ပါတယ်ဗျ။” တိုင်းရင်းသားကိုယ်စားလှယ် ၃ ဦးနဲ့ တွေ့တဲ့အခါ ၀န်ကြီးဦးအောင်မင်းဘက်က ပြန်ကြားချက်တချို့ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာ အပစ်ရပ်စာချုပ်မူကြမ်းကို လက်မှတ်ထိုးခဲ့ပြီးတဲ့နောက် ဇွန်လဆန်းမှာ တိုင်းရင်းသားတို့ရဲ့ လော်ခီးလာညီလာခံ ပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံက အပစ်ရပ်စာချုပ်မူကြမ်းပါ အချက်တချို့ကို ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်ခဲ့ပြီး အစိုးရနဲ့ ဆက်ဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ – Senior Delegation for Nationwide Ceasefire Negotiation (EAOs Senior Delegation) ကို ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရအနေနဲ့ ဒီအဖွဲ့နဲ့ ဆက်လက်ဆွေးနွေးလိုတဲ့ သဘောဆန္ဒရှိရဲ့လားလို့ ဦးလှမောင်ရွှေကို မေးမြန်းရာမှာ... “ပြည်ထောင်စုအစိုးရအနေနဲ့တော့ ငြိမ်းချမ်းရေး ရချင်လို့ သူတို့ပဲ အရင် ကမ်းလှမ်းတယ်၊ သူတို့ပဲ ညှိနှိုင်းပြီးတော့ အများကြီးဆောင်ရွက်ပေးခဲ့တာတွေ ရှိတဲ့အတွက် ငြိမ်းချမ်းရေးရချင်တဲ့ဆန္ဒကတော့ ပြောင်းလဲမှာ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း ပုံသဏ္ဌာန်ကတော့ ကျနော်တို့လည်း ခုချိန်မှာ ပြောဖို့ စောပါသေးတယ်။” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up