ဖမ်းဆီးထားသည့် တောင်ကိုရီးယား ၂ ဦးကို မြောက်ကိုရီးယား ပြန်လွှတ်

ဖမ်းဆီးထားတဲ့ တောင်ကိုရီးယားနိုင်ငံသား ၂ ယောက်ကို ဇွန် ၁၇ ရက်နေ့မှာ မြောက်ကိုရီးယားက ပြန်လွှတ်ပေးလိုက်တယ်လို့ တောင်ကိုရီးယား အစိုးရက အတည်ပြုပါတယ်။
ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ထုတ်ပေးတဲ့ ဓာတ်ပုံက နှစ်နိုင်ငံ နယ်စပ်က ပန်းမုံဂျွမ်းရွာကတဆင့် တောင်ကိုရီးယားဘက်ကို ပြန်ဝင်သွားစဉ်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ လိုအပ်တာတွေကို ဆောင်ရွက်သွားမယ်လို့ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရသူ ပါ့ခ် ဆိုး ဂျင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“မြောက်ကိုရီးယားဘက်ကနေ ကျမတို့နိုင်ငံသားတွေ မနက် ၁၀ နာရီ ၁၅ မှာ ပြန်လည် ရောက်ရှိလာပါတယ်။ သူတို့ ကျန်းမာရေး အခြေအနေကို စစ်ဆေးဖို့ စီစဉ်နေပါတယ်။ မြောက်ကိုရီးယားဘက်ကို ဘာကြောင့် ရောက်သွားသလဲ ဆိုတာကိုလည်း စုံစမ်းမေးမြန်းဖို့ စီစဉ်နေပါတယ်။”
ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက မြောက်ကိုရီးယားဆီက ဖမ်းထားသူ ၂ ဦးကို ပြန်ပို့ပေးဖို့ ဇွန် ၁၅ ရက်နေ့က သဘောတူညီချက်ရတဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်က အဆိုအရ တောင်ကိုရီးယားသား ၂ ဦးဟာ မေလ ၁၁ ရက်နေ့က နယ်စပ်ကို တရားမ၀င် ဖြတ်ကျော်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို စစ်ကင်းမဲ့ဇုန်ပေါ်မှာရှိတဲ့ ပန်းမုံဂျွမ်းရွာကတဆင့် ပြန်ပို့မယ့်အကြောင်း မြောက်ကိုရီးယားဘက်က ပြောတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ဆိုပါတယ်။
တောင်ကိုရီးယား ပြန်လွှဲပေးလိုက်တဲ့ စုံတွဲမှာ အမျိုးသားက ၅၉ နှစ်ဖြစ်ပြီး အမျိုသမီးက ၅၁ နှစ်ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ နှစ်နိုင်ငံ နယ်စပ်မှာ ခရီးသွားနေရင်းနဲ့ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် တောင်ကိုရီးယား ၄ ယောက်လည်း မြောက်ကိုရီးယားဘက်မှာ ဖမ်းဆီးခံထားရတယ်လို့ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ဆိုပါတယ်။