လာမည့်ရာသီ အာဆင်နယ် ချန်ပီယံဖြစ်နိုင်ဟု အွန်နရီပြော

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရနိုင်တယ်လို့ ကစားသမားဟောင်း သီယာရီ အွန်နရီက ခန့်မှန်း ပြောဆိုလိုက်ပါတယ်။
လာမယ့် ၂၀၁၅ - ၂၀၁၆ ဘောလုံးရာသီမှာ အာဆင်နယ် ကစားသမားတွေဝတ်မယ့် အားကစား ၀တ်စုံတွေကို အမ်းမရိတ် ဘောလုံးကွင်းမှာ မိတ်ဆက်ပွဲ ပြုလုပ်တဲ့ အခမ်းအနားမှာ အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီက ပြောဆိုလိုက်တာပါ။
“ကျနော်တို့အားလုံး ဆုဖလားရဖို့ စောင့်နေတာပါ။ အားပေးသူအနေနဲ့ ပြောရရင် ကစားသမားတွေနဲ့ နည်းပြဟာ ဆုဖလားကို ပြန်လည်ရယူဖို့ ဆန္ဒပြင်းပြနေတာ သေချာပါတယ်။ ကျနော့်အမြင်ကတော့ လာမယ့်နှစ်မှာ ဖလားရနိုင်ပါတယ်။”
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်လို့ ချန်ပီယံလိဂ် ၀င်ခွင့်ကို တိုက်ရိုက် ရရှိထားပါတယ်။
တိုက်စစ်မှူး ဆန်းချက်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ၂၅ ဂိုး သွင်းနိုင်လို့ အာဆင်နယ်ကရွေးတဲ့ အသင်းအတွက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ဆန်းချက်အနေနဲ့ လာမယ့်ရာသီမှာ အာဆင်နယ် ချန်ပီယံဖြစ်အောင် အဓိကနေရာက ကူညီပေးနိုင်မယ်လို့လည်း အွန်နရီက ပြောဆိုထားပါတယ်။
အက်ဖ်အေဖလား ချန်ပီယံ အာဆင်နယ်ဟာ လာမယ့်ရာသီသစ် ပွဲဦးထွက်အနေနဲ့ ကွန်မြူနတီဖလား ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီးနဲ့ သြဂုတ်လ ၁ ရက်နေ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။