အိန္ဒိယ ရေအကျပ်အတည်း လူနေမှုဘ၀ကို ရိုက်ခတ်

1.7K
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ်တျာပြည်နယ်မှာ ဆိုးရွားပြင်းထန်တဲ့ မိုးခေါင်မှုနဲ့ ရေရှားပါးမှုကြောင့် လူနေမှုဘဝကို ရိုက်ခတ်ခဲ့ပါတယ်။
မိသားစုအတွက် သောက်ဖို့နဲ့ ချက်ပြုတ်ဖို့ ရေအကျပ်အတည်းကို ဖြေရှင်းဖို့ အမျိုးသားတွေက အမျိုးသမီးတွေကို အကြိမ်ကြိမ် လက်ထပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သိန်းခရိုင်က ဒန်ဂယ်မယ်ရွာမှာ ပိုက်ရေ မရှိတာကြောင့် တခုတည်းသော သောက်ရေ ရင်းမြစ်က ကျောက်တောင်ခြေက ရေတွင်း ၂ တွင်းသာရှိလို့ အင်မတန် လူစည်ကားပြီး ရေခပ်ဖို့ သွားစောင့်ရတာ နာရီနဲ့ချီပြီး အချိန်ကုန်ပါတယ်။
ရွာသိမ်လေးက တခြားလူတွေလိုပဲ ရွာသား စာခါရမ် ဘာဂတ်က ရေခပ်ဖို့သက်သက် အတွက် မိန်းမ ၂ ယောက် ထပ်ယူတယ်လို့ ဆိုပါတယ်။
“မိန်းမ ၂ ယောက် ဒါမှမဟုတ် ပိုပြီးယူတာ ရာဇဝတ်မှုဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ရေမရှိဘူး၊ ရေခပ်ဖို့ ဘယ်သူမှ မရှိဘူး။ အစိုးရက ကျနော်တို့အတွက် ရေစီစဉ်မပေးဘူး၊ ဒါကြောင့် ရေအတွက် မိန်းမ ၃ ယောက် ယူတဲ့ ရာဇဝတ်မှုကို ကျူးလွန်ရတာ။” လို့ ပြောပါတယ်။
အနားကရွာမှာ လယ်သူရင်းငှားလုပ်တဲ့ ဘာဂတ်ဟာ ပထမဇနီးက ကလေးနဲ့နွားတွေကို ထိန်းကျောင်းရပြီး ဒုတိယဇနီးက ရေခပ်တာနဲ့ အိမ်အလုပ် လုပ်ရတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒုတိယဇနီးက အားနည်းလာလို့ ရေကူခပ်ပေးနေတာ ဆယ့်ငါးနှစ်လောက် ရှိပြီဖြစ်တဲ့ အမျိုးသမီးကို တတိယဇနီးအဖြစ် လက်ထပ်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ရွာထဲက အမျိုးသမီးအများအပြားဟာ မိသားစုအတွက် ရေခပ်ဖို့ နေ့ရောညပါ တန်းစီ စောင့်ဆိုင်းရလို့ ကျန်းမာရေး ထိခိုက် လာခဲ့ကြတာပါ။
ကလေးတွေ ကျောင်းက ပြန်ရောက်တာနဲ့ နာရီနဲ့ချီ ရေခပ်ရလို့ အားနည်းလာခဲ့ကြပြီး သူတို့အနာဂတ်ကို ထိခိုက်တယ်လို့ ဘာဂတ်က ပြောပါတယ်။
“ညဘက် အိမ်ပြင်မှာ အကြာကြီး စောင့်ရလို့ အသက်ရှူရခက်လာခဲ့တယ်၊ ခါးနာ ညောင်းညာကိုက်ခဲတာလို ကိုယ်ကာယ ဖိစီးမှုတွေ အများကြီးရှိတယ်၊ အားမရှိတော့ဘဲ ဖျားနာတော့တာပဲ။”
ဒန်ဂယ်မယ်ရွာနဲ့ အနားက မိုးခေါင်မှုဒဏ် ခံရတဲ့ ရွာတွေအတွက် ရေဖြန့်ဖြူးမှု စီစဉ်ပေးဖို့ ရွာသားတွေက အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
အိန္ဒိယရဲ့ တတိယအကြီးဆုံး ပြည်နယ် မဟာရတ်ရှ်တျာမှာ အဆိုးရွားဆုံး မိုးခေါင်မှုကို ရင်ဆိုင်နေရတာ ဆယ်နှစ်ရှိပါပြီ။
အစိုးရကတော့ ရွာပေါင်း ၁ သောင်း ၉ ထောင်ကျော်မှာ ရေပြဿနတာ ရင်ဆိုင်နေကြရတယ်လို့ ပြီးခဲ့တဲ့နှစ်က ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ဒီနှစ်မှာ မုတ်သုံမိုးက ပျမ်းမျှထက် အားနည်းမယ်လို့ မျှော်လင့်ရပြီး မိုးခေါင်မှု ခြိမ်းခြောက်နေတာကို ထပ်ပြီး ရင်ဆိုင်နေရပါတယ်။