Home
မြန်မာသတင်း
ကာဗွန်ထုတ်မှု လျှော့ချနိုင်ရေး နော်ဝေတွင် အပူပေးရန် ပင်လယ်ရေကို သုံး
DVB
·
June 17, 2015
ဒရာမန်မြို့ရဲ့ အလုပ်ရုံတွေ၊ နေအိမ်တွေကို အပူပေးဖို့ နော်ဝေနိုင်ငံ လျှိုစောက်ကြားမှာရှိတဲ့ ပင်လယ်ရေ၀င်လမ်းက ရေတွေကို သုံးတယ်လို့ကြားရင် သိပ်ကိုအံ့သြကြမှာပါ။ ၈ ဒီဂရီ အပူချိန်ရှိတဲ့ ရေတွေဟာ ရေအောက်က အပူစုပ်ပန့်တွေထဲမှာ ဖြတ်သန်းစီးဆင်းနေပါတယ်။ အဲဒီပန့်တွေထဲက ရေတွေကို အမိုးနီးယားဓာတ်ငွေ့ အပူတိုက်ရာမှာ သုံးပါတယ်။ ဒီဒြပ်ပေါင်းက အနုတ် ၃၃ ဒီဂရီမှာတောင် ဆူပွက်ပါတယ်။ ဒါကြောင့်ပဲ ဒီစနစ်က အခြားအပူစုပ်ပန့်တွေထက် သာလွန်သွားတဲ့ အချက်ပါလို့ ဒရာမန်ခရိုင် အပူဖြန့်ဝေရေးအရာရှိ ဂျွန်အီဗာဘက်က ဆိုပါတယ်။ "အမိုးနီးယားက ဓာတ်ငွေ့အဖြစ် ပြောင်းသွားချိန်မှာ ကျနော်တို့က နည်းနှစ်သွယ်နဲ့ ဖိအားတိုးလာအောင် လုပ်ပြီး အမိုးနီးယားထဲကို စွမ်းအင်ထည့်ပေးတာပါ။ နောက်တော့ အမိုးနီးယားကို အရည်ဖြစ်အောင်လုပ်ပြီး ထွက်လာတဲ့ စွမ်းအင်ကို တဘက်ရေထဲကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ အပူချိန် ၆၀ ဒီဂရီထိ တိုးလာအောင်လုပ်ပြီး မြို့ကနေ ပြန်ထွက်လာချိန်မှာ ၉၀ ဒီဂရီထိ မြင့်တက်လာပါတယ်။ ဒီနည်းနဲ့ အပူက မြို့ကိုပတ်ပြီး တချိန်လုံး စီးဆင်းနေတာပါ။" ခုလို မြင့်မားတဲ့အပူချိန်ထိ ရောက်လာတာဟာ ဒီစနစ်ကို ဓာတ်ငွေ့သုံး အပူပေးဘွိုင်လာတွေ နေရာမှာ အစားထိုးလို့ရပြီဆိုတဲ့ သဘောပါပဲ။ ဖြန့်ချိရေးမန်နေဂျာ အန်းဒါးစ်လီအန်းကတော့ တခြား အကျိုးကျေးဇူးတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ "သူများတွေ အသုံးမချရသေးတဲ့ စွမ်းအင်ပင်ရင်းကို ကျနော်တို့ သုံးတာပါ။ ဒီတော့ တမြို့လုံးစာအတွက် စွမ်းအင်ကို ဈေးချိုချိုနဲ့ ထုတ်လုပ်နိုင်သလို ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု မရှိပါဘူး။" ဒရာမန်မြို့ဆိုတာ အရင်တုန်းက မြူတွေထူဆိုင်းနေတဲ့မြို့ပါ။ ဒါပေမယ့် အမြော်အမြင်ရှိတဲ့ အာဏာပိုင်တွေက လူ ၆၀၀၀၀ လောက် နေထိုင်ရာ ဒီမြို့ကို သန့်ရှင်းအောင် ထားခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စကော့ခ်ျကုမ္ပဏီ Star Renewable က ဒီဇိုင်းထုတ်တဲ့ အပူစုပ်ပန့် စနစ်ရဲ့ ကျေးဇူးကြောင့် ဒရာမန်မြို့ရဲ့ နှစ်စဉ်ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၁၅၀၀ ကို လျှော့ချပစ်လိုက်နိုင်ပါပြီ။ "ကျနော်တို့ ပင်လယ်ရေကို စုပ်သွင်းပြီး ဒီပင်လယ်ရေကိုပဲ ပြန်ထုတ်တာပါ။ ဒီရေထဲမှာ ဘာညစ်ညမ်းမှုမှ ပါမသွားပါဘူး။" လို့ ထုတ်လုပ်ရေးမန်နေဂျာ ဗစ်ဒါမထိဆင်က ဆိုပါတယ်။ နော်ဝေနိုင်ငံမှာတော့ ဒီပန့်စနစ်က ဘာကန့်သတ်ချက်မှ မရှိပါဘူး။ "ဥရောပတလွှားမှာတော့ ဒီနည်းပညာကိုပဲ သုံးလို့ရပါတယ်။ ရေအရင်းအမြစ်ရှိနေသမျှ ၆ ဒီဂရီ အထက်ရှိတဲ့ တသမတ်အပူချိန်ကို ရနေမှာပါ။" ကမ္ဘာ့စွမ်းအင်သုံးစွဲမှုရဲ့ ၃ ပုံ ၁ ပုံရှိတဲ့ အဆောက်အဦတွေ ရှိရာနေရာမှာ ဒီလို အပူစုပ်ပန့်တွေနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် တကမ္ဘာလုံးရဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရာမှာ ထိရောက်တဲ့ အခန်းကဏ္ဍက ပါဝင်လာမှာ ဖြစ်ပါတယ်။ [gallery ids="98179,98180,98181,98182,98183,98184,98185,98186,98187"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024