အေစီမီလန် နည်းပြသစ်အဖြစ် မီဟေလိုဗစ်ကို ခန့်အပ်

ဓာတ်ပုံ - ရိုက်တာ
1.2K
အေစီမီလန်အသင်းက နည်းပြသစ်အဖြစ် စင်နစ်ဆာ မီဟေလိုဗစ်ကို ခန့်အပ်လိုက်ကြောင်း ဇွန် ၁၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
မီလန်က ထုတ်ပယ်လိုက်တဲ့ နည်းပြဟောင်း အင်ဇာဂီရဲ့ နေရာမှာ ဆာဘီးယားနိုင်ငံသား မီဟေလိုဗစ်ကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
သူဟာ ဒီလအစောပိုင်းမှာ စီးရီးအေကလပ် ဆမ်ဒိုးရီးယားအသင်းနဲ့ လမ်းခွဲထားပါတယ်။
နည်းပြသစ် မီဟေလိုဗစ်ဟာ ၂ နှစ်အတွင်း အေစီမီလန်က ၄ ယောက်မြောက် ခန့်အပ်ခံရတဲ့နည်းပြ ဖြစ်လာပါတယ်။
ရလဒ်တွေ ကျဆင်းနေတဲ့ မီလန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့် ၁၀ နဲ့ ချန်ပီယံ ဂျုဗင်တပ်ရဲ့ နောက် ၃၅ မှတ် အကွာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။
မီလန်နည်းပြသစ် ဖြစ်လာတဲ့ အသက် ၄၆ နှစ်အရွယ် မီဟေလိုဗစ်ဟာ ကစားသမားဘ၀တုန်းက ရိုးမား၊ ဆမ်ဒိုးရီးယား၊ လာဇီယိုနဲ့ အင်တာမီလန်တို့မှာ ကစားခဲ့ဖူးပါတယ်။
မီဟေလိုဗစ်ဟာ နောက်တန်းကစားသမား တယောက်ဖြစ်ပြီး ၁၉၉၁ ကနေ ၂၀၀၃ ကာလအတွင်း ယူဂိုစလားဗီးယား လက်ရွေးစင် အသင်းအတွက် ၆၃ ပွဲ ကစားပေးထားပြီး ၁၀ ဂိုး သွင်းပေးထားပါတယ်။