ခရိုအေးရှား ဘောလုံးကွင်းအတွင်း နာဇီတံဆိပ်တွေ့မှု ယူအီးအက်ဖ်အေ တရားစွဲ

ဓာတ်ပုံ - ရိုက်တာ
804
ဘောလုံးကွင်းမြက်ခင်းမှာ နာဇီ စကြာတံဆိပ် တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး လူမျိုးရေး ခွဲခြားတဲ့ အပြုအမှုနဲ့ ဆက်စပ်တဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုနဲ့ ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲဖို့ ဆောင်ရွက်နေတယ်လို့ ယူအီးအက်ဖ်အေက ပြောပါတယ်။
ယူရို ၂၀၁၆ ဥရောပဖလား ခြေစစ်ပွဲအတွက် ခရိုအေးရှားနဲ့ အီတလီတို့ပွဲစဉ်မှာ အိမ်ရှင် ခရိုအေးရှားအသင်း ကွင်းဘက်မှာ နာဇီစကြာတံဆိပ်ကို တွေ့ရှိခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာ ဖျက်ခဲ့ပေမယ့် အကုန်ဖျက်လို့ မရခဲ့ပါဘူး။
အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က တောင်းပန်ခဲ့ပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ကတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့မတ်လကလည်း နော်ဝေအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခရိုအေးရှား ပရိသတ်တွေက လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့တာကြောင့် အခု အီတလီနဲ့ ပွဲမှာ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားဖို့ ယူအီးအက်ဖ်အေက ခရိုအေးရှားအသင်းကို ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။