တူနီးရှားတွင် ကုန်ကားနှင့်ရထားတိုက်မိ၊ ၁၇ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
761
တူနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ကုန်တင်ကားနဲ့ ရထား တိုက်မိလို့ လူ ၁၇ ယောက် သေဆုံးပြီး အတော်များများ ဒဏ်ရာရသွားပါတယ်။
မြို့တော် တူးနစ်ရဲ့ တောင်ဘက် ၆၀ ကီလိုမီတာ အကွာမှာရှိတဲ့ ဖားစ်မြို့မှာ ခရီးသည်တင် ရထားနဲ့ ကုန်ကားတိုက်မှုဟာ တူနီးရှားနိုင်ငံမှာ အဆိုးဝါးဆုံး ရထား မတော်တဆမှုတခုလို့ တူနီးရှား တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။
သေဆုံးသူအများစုဟာ တိမ်းချော်သွားတဲ့ ရထားပေါ်မှာ လိုက်ပါစီးနင်းလာသူ ခရီးသည်တွေဖြစ်တယ်လို့ ယူဆရပါတယ်။
ရုပ်သံပြကွက်ထဲမှာ ရထားတွဲတတွဲက စောင်းမှောက်နေပြီး မီးခိုးတွေလည်း အူထွက်နေပါတယ်။
အစောပိုင်း စုံစမ်းစစ်ဆေးချက်အရ ကုန်တင်ယာဉ်ဟာ မီးနီချိန်မှာ ရထားလမ်းကို အရှိန်နဲ့ မောင်းဝင်လာပြီးနောက်မှာ ရထားနဲ့ ကုန်ကား တိုက်မိသွားတာလို့ အာဏာပိုင်တွေက ပြောပါတယ်။
အခု ရထားတိုက်မှုမှာ အနည်းဆုံး လူ ၆၅ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။